ဆော်ဒီအာရေးဘီးယား နိုင်ငံက လေဆိပ်တစ်ခုနဲ့ ရေနံသိုလှောင်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ယီမင် အခြေစိုက် ဟိုသီ လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့ပါတယ်။
ဩဂုတ် ၂၀ တုန်းက ဆော်ဒီတောင်ပိုင်း၊ ယီမင်နယ်စပ်နားက နက်ဂျ်ရန်းမှာရှိတဲ့ လေဆိပ်နဲ့ ရေနံသိုလှောင်ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အီရန်အစိုးရရဲ့ မဟာမိတ်၊ ဆော်ဒီရဲ့ ခါးသီးရန်ဘက်ဖြစ်တဲ့ ဟိုသီတွေက ထုတ်ပြန်ပါတယ်။
ဒရုန်းတွေ အသုံးပြုထားတဲ့ စစ်ဆင်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပထမ တိုက်ခိုက်မှုဟာ နက်ဂျ်ရန်း လေဆိပ်မှာရှိတဲ့ ဆော်ဒီရဲ့ အရေးကြီးတဲ့ နေရာတစ်ခုကို ဦးတည်ခဲ့ပြီး ဒုတိယ တိုက်ခိုက်မှုကတော့ ဆော်ဒီ အစိုးရပိုင် Aramco စွမ်းအင် လုပ်ငန်းကြီးရဲ့ နက်ဂျ်ရှန်းမှာ ရှိနေတဲ့ အဆောက်အအုံ တစ်ခုကို ပစ်မှတ်ထားခဲ့ကြောင်း ဟိုသီတွေက ဆိုပါတယ်။
ဩဂုတ် ၂၀ မနက်ပိုင်းတုန်းကလည်း အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ဆော်ဒီဟာ အရှိန်မြှင့် တိုက်ခိုက်လာနေတဲ့ ဟိုသီတွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ကြောင်း သတိပေးခဲ့ပါသေးတယ်။

Public Service Announcement
နက်ဂျ်ရန်းက အရေးပါတဲ့ နေရာနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ဟိုသီတွေရဲ့ ထုတ်ပြန်ချက်ကို ဆော်ဒီ အစိုးရကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ ယီမင်ဟာ ဇူလိုင်လမှာတော့ အီရန်စစ်ပွဲထဲကိုပါ ဆက်စပ် ပါဝင်လာခဲ့ပါတယ်။ ယီမင်မှာတော့ ဟိုသီတွေဟာ ဆော်ဒီနဲ့ နိုင်ငံတကာက ထောက်ခံထားတဲ့ အစိုးရနဲ့ စစ်ခင်းတိုက်ခိုက်နေပါတယ်။
အခုသီတင်းပတ်မှာတော့ ယီမင်အစိုးရ ဝန်ကြီးတစ်ဦးက ဟိုသီတွေဟာ ဘက်ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားဘေးက နယ်မြေတွေကို သိမ်းယူဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနေရာတွေကို ထိန်းချုပ်ခွင့် ရသွားရင် ဟိုသီတွေဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ မဟာဗျူဟာ ရေလမ်းကြောင်းတွေကို ပိုမို ခြိမ်းခြောက်ခွင့် ရလာနိုင်ပါတယ်။
ပြီးခဲ့တဲ့လကစလို့ ဟိုသီတွေဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ဆော်ဒီရဲ့ သင်္ဘောတွေ၊ လေဆိပ်တွေနဲ့ ရေနံချက်စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
ဆော်ဒီကလည်း ပင်လယ်နီ တဝိုက်မှာ ဟိုသီတွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ပြီး ရေလမ်းကြောင်း လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ဖို့ နိုင်ငံတကာ မိတ်ဖက် အင်အားစုတစ်ခု တည်ထောင်သွားမယ်လို့ မကြာသေးခင်က ကြေညာထားပါတယ်။
ကိုးကား: AFP

















































