သြဂုတ် ၂၄၊ ၂၀၂၆။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရပြီး တစ်ပတ်တစ်ကြိမ် တပ်မ(၃၃) ထံ ပို့ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို လူငယ်တွေ ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“တစ်ရက် ၃၀ မကဘူး။ တချို့လူတွေကိုတော့ ငွေယူပြီး ပြန်လွှတ်တယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ ယခင်က ညနေ ၅ နာရီနောက်ပိုင်း ပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်သမားတွေ ပေါ်တာအဆွံမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် ယခုအခါ နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက နေအိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။


















































