သြဂုတ် ၂၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။
အဆိုပါ တိုက်တွန်းတောင်းဆိုချက်ကို စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်ကော်မတီတွေနဲ့ ကျောင်းသားသမဂ္ဂတွေအပါအဝင် အဖွဲ့ဝင် ၄၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဩဂုတ် ၂၄ ရက်စွဲနဲ့ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ Ursula Von der Leyen နဲ့ ဥရောပသမဂ္ဂ လူသားချင်းစာနာမှုနှင့် ပြည်သူ့ကာကွယ်ရေးဌာန (ECHO) ညွှန်ကြားရေးမှူးချုပ် Maciej Popowski တို့ဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ကာ တောင်းဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က စစ်ကိုင်းတိုင်းအတွင်းရှိ သဖန်းဆိပ်ဆည်နဲ့ ကာဘိုးဆည်တွေက ရေတွေကို စစ်ကောင်စီတပ်က ပြည်သူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖောက်ချခဲ့တာကြောင့် ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင် စတဲ့ မြို့နယ် ၁၁ ခုမှ ဒေသခံပြည်သူ ၁.၂ သန်းကျော် ရေဘေးဒုက္ခဆိုးဝါးစွာ ကြုံတွေ့ခဲ့ရကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်တပ်ဟာ ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကိုင်းတံတားထိပ်ကနေ အလှူပစ္စည်းနဲ့ ကယ်ဆယ်ရေးယာဉ်တွေကို သိမ်းယူတာနဲ့ အသေခံဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ကျူးလွန်နေကြောင်း ထောက်ပြထားပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ယူရို ၁၀.၅ သန်း ထပ်မံပံ့ပိုးကူညီပေးမယ့်အပေါ် ကြိုဆိုပေမယ့် အဆိုပါအကူအညီတွေကို စစ်အုပ်စုလက်ထဲ မရောက်ရှိစေဘဲ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေထံ အချိန်နဲ့ တပြေးညီ ရောက်ရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကာ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေတစ်ဆင့် ဆောင်ရွက်ပေးဖို့ သပိတ်အင်အားစုက အလေးအနက် တိုက်တွန်းထားပါတယ်။


















































