ဩဂုတ် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ရွှေကူမြို့နယ်မှာ စစ်မျက်နှာ ၄ခုလောက်မှာ စစ်ကြောင်းတွေထိုးလာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
“တိုက်ပွဲက နေ့တိုင်းပဲ။ မနေ့က စခ ၁၀၀ လောက်ထိခိုက်သေဆုံးရှိတယ်။ လက်နက်တွေရတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ရွှေကူမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ၊ စစ်တပ်ဘက်က လေကြောင်းကနေ အကြီးအကျယ် ဗုံးကြဲနေတာတွေ ပြုလုပ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသိပေးထားပါတယ်။
စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမဲ့ ရှေ့တိုးနိုင်တာမရှိသလို KIA ထိန်းထားတဲ့နယ်မြေတွေ ကနေ ဖယ်ပေးလိုက်ရတာမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပါတယ်။
စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း ရွှေကူဒေသမှာ မြေပြင်တိုက်ပွဲတွေရှိနေသလို စစ်တပ်ဟာ ရေလမ်းကြောင်းကနေ အင်အားဖြည့်ဖို့ ကြိုးပမ်းနေလို့ KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေကြောင်း အသိပေးထားပါတယ်။
စစ်တပ်ဟာ မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို စစ်သင်္ဘောအုပ်စုနဲ့ စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၂၅ရက်မနက်မှာ စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်ကနေ ဧရာ၀တီမြစ်အထက်ပိုင်းကို ဆက်လက်ဆန်တက်သွားတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
စစ်တပ်ဟာ လေကြောင်းကနေ ကင်းထောက်လုံခြုံရေးယူပြီး စစ်သင်္ဘောတွေ ဆန်တက်နေတာဖြစ်ပေမဲ့ တော်လှန်ရေးတပ်အချို့က လမ်းမှာ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းရှိပါတယ်။ စစ်သင်္ဘောအုပ်စုကို ဒရုန်းနဲ့တိုက်ခိုက်မှု ရုပ်သံတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။


















































