ဩဂုတ် ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ KIA သိမ်းပိုက်ထားတဲ့ ဒေသတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ရွှေကူမြို့ကနေ စစ်ကြောင်း ၄ခုနဲ့ အခုရက်ပိုင်းမှာ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာပါ။
လက်ရှိမှာ ဧရာ၀တီမြစ်အရှေ့ခြမ်းမှ စစ်ကြောင်း ၃ ခု၊ ဧရာ၀တီမြစ်အနောက်ခြမ်းမှာ စစ်ကြောင်း ၁ခုက KIA ထန်းချုပ်ထားတဲ့ စင်းခန်းလမ်းဘက်ကို ထိုးစစ်ဆင်နေရာ တော်လှန်ရေး ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် ဩဂုတ် ၂၆ရက်မနက်က စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကနေ အထက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ အဲဒီနေ့ညပိုင်းမှာ ကသာမြို့မှာ ရပ်နားထားပြီး ဒီကနေ့ မှာ ဆက်လက်ထွက်ခွာခြင်းမရှိ ရပ်နားထားဆဲဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ လေကြောင်းပစ်ကူ စစ်အင်အားအလုံးအရင်းသုံးပြီး ကချင်ပြည်နယ်ကို စစ်အင်အားဖြည့် စစ်ကြောင်းထိုးနေတာဖြစ်ပြီး အခုရက်ပိုင်းတိုက်ပွဲတွေမှာ အထိနာလျက်ရှိပါတယ်။ ဩဂုတ် ၂၄ရက်နဲ့ ၂၅ရက် တိုက်ပွဲတွေမှာ KIA ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးများပြားခဲ့ပါတယ်။
တဖက်မှာလည်း KIAနဲ့ စစ်တပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ဩဂုတ် ၂၅ရက်မနက်က မြစ်ကြီးနားမြို့ကနေ တနိုင်းဘက်သွားတဲ့ စစ်ယာဉ်တန်းကို KIAက လီဒိုလမ်းမပေါ်က နောင်းမီရွာအနီး တိုက်ခိုက်ခဲ့သလို အဲဒီနေ့ ညနေပိုင်းမှာပဲ တနိုင်းမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကနေထွက်လာတဲ့ စစ်တပ်နဲ့ လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို နောင်းမီကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ပါတယ်။
“မနေ့ညနေက ၆နာရီခွဲမှာ တနိုင်း ဒကစ က ထွက်လာတဲ့ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်တွေပါတဲ့ ယာဉ်တန်းကို နောင်းမြီ(နောင်းမီ)အဝင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ၊ မနေ့ကတော့ နောင်းမြီမှာ မနက်ပိုင်း မြစ်ကြီးနားဘက်ကလာတဲ့ ခမရ ၃၁၈ ယာဉ်တန်းကို တိုက်တယ်၊ ၁၀ယောက်လောက် ကျတယ်၊ ညပိုင်းမှာတော့ တနိုင်း ဒကစ က လာတဲ့ ယာဉ်တန်းကို တိုက်တယ်။ညနေဖြစ်တဲ့ တိုက်ပွဲက ပိုပြီး ပြင်းထန်တယ်လိုလည်း သိထားရပါတယ်” လို ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲထိခိုက်ကျဆုံး အခြေအနေတွေတော့ မသိရသေးဘူးလို ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီဒေသဟာ KIA တပ်မဟာ(၂)နယ်မြေ ဖြစ်ပြီး ဩဂုတ်လအတွင်းမှာ စစ်တပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တွေကို KIAက တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာလည်းဖြစ်ပါတယ်။
ဩဂုတ် ၈ရက်ကလည်း လီဒိုလမ်း ရှဒူးဇွပ်ကျေးရွာက မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲကို KIAက တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီလိုတိုက်ခိုက်ခံရလို စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အချိုထိခိုက်မှု ရှိခဲ့ပါတယ်။ ပြည်သူ့စစ်ကလည်း နောင်းမီရွာခံ ၄ဦးကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဒေသခံတွေကို ထွက်ပြေးတိမ်းရှောင်တာတွေ မလုပ်ဖို ခြိမ်းခြောက်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။


















































