ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ လတ်တလော မင်းတပ်ဒေသမှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံက ဆိုပါတယ်။
စစ်တပ်ဟာ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ယူဆရတဲ့ ဗုံး ၄လုံး ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၈ဦးထဲမှာ KG တန်းတက်နေတဲ့ ကလေးငယ်၊ ၉တန်းတက်နေတဲ့ ကလေးငယ် နဲ့ သက်ကြီးပိုင်းအဖိုးအဖွားတွေ ပါဝင်တယ်လို့ဆိုပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးကာ အချို့ မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။
“ လေကြောင်း သတင်းပိုဂရုစိုက် သတိထားကြဖို့ မပေါ့ဆကြဖို့ ပြောလိုပါတယ်” လို့ မင်းတပ်ဒေသခံက ဒေသခံတွေ လေကြောင်းရန် စဉ်ဆက်မပြတ် သတိရှိဖို့ နှိုးဆော်ပါတယ်။
စစ်တပ်ဟာ အရပ်သားပြည်သူ နေထိုင်တဲ့နေရာတွေကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်လေ့ရှိတာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းနယ်မြေတွေပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ မေလကတည်းက ဖြစ်ပြီး စစ်တပ်ထိုးစစ် အလုပ်မဖြစ် အထိနာတဲ့ အခြေအနေမှာ လေကြောင်းဗုံးကြဲတာတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ရပါတယ်။


















































