စက်တင်ဘာ ၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
လမ်းချော်တိမ်းစောင်းခဲ့လို့ ရပ်နားခဲ့တဲ့ ပြင်ဦးလွင် − ဂုတ်ထိပ်ရထားခရီးစဥ်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက ပြန်လည်ပြေးဆွဲဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက် မနက်ပိုင်းက ပြင်ဦးလွင်ကနေ ဂုတ်ထိပ်တံတားဘက်ပြေးဆွဲတဲ့ RBE ရထားဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးရွာအနီးမှာ လမ်းချော်တိမ်းစောင်းခဲ့ပြီး လူအထိအခိုက်မရှိခဲ့ပေမယ့် ခရီးသည်များစွာ ထိတ်လန့်ခဲ့ရပြီးနောက် ရထားခရီးစဥ် ရပ်နားသွားခဲ့ပါတယ်။
ယခုအခါ အဲဒီ ပြင်ဦးလွင်-ဂုတ်ထိပ်ခရီးစဥ်ကို လာမယ့် စက်တင်ဘာ ၅ ရက်ကစပြီး အပတ်စဥ် ပြန်ပြေးဆွဲဖို့ စီစဥ်နေကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက အသိပေးပါတယ်။

Public Service Announcement
အာဏာသိမ်းကာလအတွင်း မီးရထားဝန်ထမ်းတွေ အများအပြား CDM လုပ်ခဲ့တာကြောင့် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအပါအဝင် ဒေသအသီးသီးက ရထားလမ်းပိုင်းတွေဟာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် ပျက်စီးယိုယွင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။
“ရထားစက်ခေါင်း၊ တွဲ၊ လမ်းတွေကောင်းပါမှ ပြေးဆွဲသင့်တယ်။ အဆင်းအတက်လမ်းဖြစ်တော့ ကြံ့ခိုင်မှုကောင်းမှ အန္တရာယ်ကင်းမယ်။ အရင်လမ်းချော်တဲ့နေရာက ရထားစထွက်တဲ့ပြင်ဦးလွင်အနီးမြေပြန့်ဖြစ်လို့ ကံကောင်းတာ”ရထားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဆိုပါရထားခရီးစဥ်ဟာ ပြင်ဦးလွင်ကနေ မနက် ၈ နာရီမှာ ထွက်ခွာပြီး မနက် ၁၁ နာရီမှာ ဂုတ်ထိပ်ဘူတာကို ရောက်ရှိကြောင်း၊ ဂုတ်ထိပ်တံတား အပျော်စီးခရီးသည်တွေ အများဆုံးလိုက်ပါလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂုတ်ထိပ်တံတားဟာ ၂၀၂၅ ခုနှစ် သြဂုတ် ၂၄ ရက်ကလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တံတားအစိတ်အပိုင်းတချို့ ပျက်စီးခဲ့ပါသေးတယ်။

















































