စက်တင်ဘာ -၅၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မြစ်ခြေမြို့မှာ လေကြောင်းကနေ စစ်တပ်ဗုံးကြဲတာကြောင့် အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
မနေ့က(စက်တင်ဘာ ၄ ရက်)မနက်ပိုင်းမှာ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်ကို မကွေးယူနစ်စစ်ကြောင်း ၁ (တော်လှန်ရေးတပ်) ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းကနေ နေရာအနှံ့ဗုံးကြဲခဲ့တာကြောင့်လို့ ဆိုပါတယ်။
“ လေကြောင်းထိလို့ ပေါက်တောရွာက နှစ်ဦး၊အိုင်ကြီးရွာက သုံးဦး သေတယ်။ကျန်တဲ့ဒဏ်ရာရသူတွေကလည်း များတယ်”လို့ မြစ်ခြေဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ရေးအချက်အလက်တွေအရ စစ်တပ်ဟာ မြစ်ခြေမြို့ကို ဂျိုင်ရိုကော်ပတာ ၅ စီး နဲ့ Mi35 ရဟတ်ယာဉ် ၁ စီး နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
“မနေ့က တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိတယ်။ဒီကနေ့ အထိလည်း စစ်ရေးက မငြိမ်သေးဘူး”လို့ ပခုက္ကူခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြစ်ခြေမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁)တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်မှာ စစ်တပ်က အင်အား ၃၀၀ ၀န်းကျင်နဲ့ တပ်စွဲထားတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် ရဲစခန်းအနီးနဲ့ မြစ်ခြေမြို့ အတွင်းရှစ်မျက်နှာဘုရားထဲမှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
မြစ်ခြေရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း ပြည်သူကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတွေက စီးနင်းတိုက်ခိုက်ရာ စစ်တပ် သေဆုံးမှုများသလို သုံ့ပန်းတွေလည်း ဖမ်းမိပြီး ရဲစခန်းကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။
စစ်တပ်ဟာ မေလ ၁၀ရက်ကနေ ဇွန်လ ၂ရက်အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့က ပြည်သူ့နေအိမ် (၁၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ (၂၄)ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

















































