စက်တင်ဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မန္တလေး ၊ ရွှေဘို မြို့ကြီးတွေမှာ ယခုရက်ပိုင်းအတွင်း ဝက်လက်မြို့နယ်အတွင်းမှ မြို့ပေါ်သို့ မိသားစုလုပ်ငန်းလုပ်နေတဲ့ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာ၊ ခရီးသွားလာရင်း လမ်းကနေ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာ၊အဆောင်ငှားရမ်းနေထိုင်တဲ့ အမျိုးသမီးလူငယ်ပိုင်းတွေကို အဆောင်အတွင်းထိ ဝင်ရောက်ဖမ်းဆီးတာတွေကိုဆက်တိုက်ပြုလုပ်နေကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က အသိပေးပါတယ်။
ဒါ့ကြောင် ဝက်လက်မြို့နယ်အတွင်းကနေ မြို့ကြီးတွေမှာလုပ်ငန်းလုပ်နေကြတဲ့ လူငယ်တွေအနေနဲ့ သတိ ၊ အသိရှိစွာနေထိုင်ကြဖို့နဲ့ မိမိတို့နယ်မြေ ပရဝဏ်အတွင်း ရွှေ့ပြောင်းနေထိုင်သင့်ကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ထပ်မံအသိပေးပါတယ်။

Public Service Announcement
“ဝက်လက်ကနေ ရွှေဘိုကိုသွားတဲ့လူငယ်တွေကို ဆွဲတာမျိုးရှိတယ်။ လမ်းကနေဆွဲတာပေါ့”လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ရှုံးကာ ၎င်းတို့ စစ်အခြေစိုက်စခန်းတွေ၊ မြို့တွေကနေ ဆုတ်ခွာခဲ့ရပြီး ပြန်လည်သိမ်းပိုက်ဖို့ စစ်အင်အားပြန်လည်စုဆောင်းဖို့အတွက် အတင်းအဓမ္မစစ်မှုထမ်း ပေါ်တာဆွဲတာတွေ ပြုလုပ်နေကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ထပ်မံအသိပေးထားပါတယ်။
ယခု စက်တင်ဘာလဆန်းမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းပေါ်တာဆွဲတာ၊ အိမ်တိုင်ရာရောက်ဖမ်းဆီးတာတွေ ဖြစ်ပွားနေပြီး လူငယ်အများစု ဖမ်းဆီးခံထားရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ်(၂၈)ကို စတင်ဖို့ ကြိုးစားနေပါတယ်။


















































