စက်တင်ဘာ၆၊၂၀၂၆၊ရှိန်း/ People’s Spring
အာဏာသိမ်းစစ်တပ်က ရတနာပုံမြို့သစ်စီမံကိန်းဆိုပြီးပြန်အကောင်အထည်ဖော်နေတဲ့ စီမံကိန်းအတွက်မြေဧကရာပေါင်းများစွာ ဆက်တိုက်သိမ်းယူနေပေမယ့် လုပ်ငန်းမစတင်နိုင်ဘဲ သိမ်းဆည်းမြေတွေကို ခြံခတ်ကာ သစ်ပင်တွေလိုက်စိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံရဲ့Sky One Construction ဆောက်လုပ်ရေးကုမ္ပဏီကအခြေခံအဆောက်အအုံတွေကို အဓိကဆောက်လုပ်မယ့်မြို့သစ်စီမံကိန်းဟာ မန္တလေးတိုင်း ၊ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ရွာ နဲ့ ပြင်စာရွာကြားမှာဖြစ်ပါတယ်။မြေဧက တစ်သောင်းကျော် ပေါ်မှာလုပ်မယ့် ဒီစီမံကိန်းအတွက်ဆိုပြီး စစ်တပ်က သုံးထောင်ရွာက နေအိမ်နဲ့ဆိုင်ခန်း ပေါင်း၁၀၀ ကျော်ကို ဇွန်လကတည်းကစတင်ဖျက်ခိုင်းခဲ့ပါတယ် ။ဒါအပြင်စက်တင်ဘာလဆန်းအထိမြေ နေရာတချို့ထပ်မံဖျက်ခိုင်းထားဆဲဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။
“အခုကသုံးတောင်ရွာနဲ့ဇီးပင်ကြီးကြားမှာစိုက်ပျိုးမြေတွေလည်းရှိသေးတယ်။အဲဒီဘက် တွေကိုလည်းတဲလေးတွေရှိတာသွားဖျက်ခိုင်းတယ်။ရွာရဲ့အနောက်ဘက်က ရေစင်ကအိမ်တွေကိုလည်း ထပ်ဖျက်ခိုင်းထားတယ်။လာတော့မသိမ်းသေးဘူး။ဒါတွေရောဆို ဧကကမနည်း တော့ဘူး”လို့ဒေသခံတဦးကပြောပါတယ် ။ အဆိုပါဒေသခံကိုယ်တိုင်အိမ်တွေနဲ့မြေကွက်တွေ အသိမ်းခံခဲ့ရတာဖြစ်ပါတယ် ။

Public Service Announcement
နေအိမ်တွေနဲ့ မြေနေရာတွေကို စစ်အုပ်စုကဆက်တိုက်ဖျက်ခိုင်းပြီးသိမ်းယူနေတာ ကြောင့် မိသားစု ၁၀၀ ကျော်အိမ်ယာမဲ့ဘဝ ရောက်ရှိခဲ့ပါတယ် ။အဲဒီလိုမြေတွေကိုစစ်အုပ်စုကသိမ်းယူထားပေမယ့်ကြေညာထားသလိုစီမံကိန်း မလုပ်သေးဘဲ မြေနေရာတွေမှာ ဘော်စကိုင်းပင်တွေ စိုက်ပျိုး နေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“မြေတွေအကုန်လုံးမှာတိုင်လေးတွေထောင်ပြီး ဘောစကိုင်းပင်တွေစိုက်နေတာ။ဒါကသတင်းတွေထွက်နေသေးလို့ရယ်။အေးသွားရင် အကွက်ရိုက်ပြန် ရောင်းစားမှာပဲ”လို့ ဒေသခံတဦးကလည်းက ပြောပါတယ်။
လက်ရှိသိမ်းယူလိုက်တဲ့ မြေနေရာ တွေဟာ ပေ၄၀×၆၀ တကွက်ကို လမ်းမပေါ်တင်ဆို ကျပ်သိန်း၁၀,၀၀၀အထိ ပေါက်ပြီး လမ်းကြားဆိုကျပ်သိန်း၅၀၀ ဝန်းကျင်အထိဈေးပေါက်တယ်လို့ သိရပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို လာရောက်ရင်းနှီးမြှပ်နှံကြဖို့ အိန္ဒိယ ၊တရုတ်၊ထိုင်း ၊ရုရှား စတဲ့ပြည်ပခရီးစဥ်တွေမှာ ဆက်တိုက်ဖိတ်ခေါ်ခဲ့တာတွေ့ရပါတယ် ။ ပြည်ပရင်းနှီးမြှပ်နှံမှုတွေ ဆက်တိုက်ဖိတ်ခေါ်နေပေမယ့် စီမံကိန်းကို မြေတွေသိမ်းထားပေမယ့် မစနိုင်သေးတာဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။
ဒီစီမံကိန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်မှာ ရတနာပုံစီမံကိန်းအဖြစ်စတင်ခဲ့တာပါ ။နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် မအောင်မြင်ခဲ့ပါဘူး ။၂၀၁၀ ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ ရတနာပုံနည်းပညာတက္ကသိုလ်နဲ့ကပ်လျက်ဖြစ်ပါတယ်။
၂၀၁၅-၂၀၂၀ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက်မှာ စီမံကိန်းကို ပြန်လည်စိစစ်ဖို့နဲ့ အပန်းဖြေမြို့အဖြစ် လုပ်ကိုင်ဖို့ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကပ်ရောဂါကိုဗစ်ကြောင့် စီမကိန်းရပ်တန့်ခဲ့ပါတယ် ။
စစ်တပ်အာဏာသိမ်းပြီး၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ၅ ရက်မှာမင်းအောင်လှိုင်က ပြင်စာရွာကိုသွားပြီး AIနည်းပညာ တိုးတက်ရေးရည်ရွယ်ပြီးအီလက် ထရောနစ် ပစ္စည်း တွေထုတ်လုပ်ဖို့ဆိုကာ စီမံကိန်းပြန်လည်ဆောင်ရွက်မယ်လို့ဆိုခဲ့ပါတယ်။၂၀၂၆၊ဖေဖော်ဝါရီလမှာအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်တက်ပြီး ရတနာပုံမြို့သစ်စီမံကိန်းပြန်စတင်ပွဲလုပ်ပြီး စီမံကိန်းလုပ်မယ့်ပြည်တွင်း၊ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကိုမြေနေရာ ပေးကာ ပြုလုပ်ခွင့်ပေးမယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် စီမံကိန်းရဲ့ အခြေခံအဆောက်အအုံတွေကို မင်းအောင်လှိုင်သားအောင်ပြည့်စုံရဲ့ Sky One ဆောက်လုပ်ရေးကအဓိကဆောက်လုပ်မှာဖြစ်ပါတယ်။စီမံကိန်းအတွက်လိုအပ်တဲ့လျှပ်စစ်ကို ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ရယူသုံးစွဲခွင့်ကိုစစ်ခေါင်း ဆောင်အမိန့်နဲ့ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံသူ တွေကို ဆွဲဆောင်နိုင်ဖို့အနီးစခန်းလေဆိပ်ရဲ့လေယာဉ်ကွင်းကိုလည်း မြေနေရာတွေထပ်သိမ်းကာနိုင်ငံတကာ လေဆိပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။လမ်းချဲ့ဖို့အတွက်ဆိုပြီး လေဆိပ်အပြင်ဘက်က အောင်ချမ်းသာရွာဈေးဆိုင်ခန်းတွေကိုပါဖျက်ခိုင်းပြီးသိမ်းယူခဲ့ပါတယ်။
ဒါပေမယ်လက်တွေ့မှာစီမံကိန်းမြေနေရာတွေမှာဆောက်လုပ်မယ့် အရိပ်အခြေ မတွေ့ရဘဲ သွပ်ပြားအပြာတွေ ကာ ပြီး သစ်ပင်စိုက် နေတာကိုသာ တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။


















































