စက်တင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က စစ်တွေမြို့ဘက်ကနေကြည်း၊ ရေ၊ လေသုံး ကာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ခုလုံး သေဆုံးဒဏ်ရာရသူများပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာဩဂုတ်လ ၄ ရက်နေ့ မနက်အစောပိုင်းကနေစပြီးစစ်တွေမြို့နယ်ပတ်လည်နေရာတွေကို လေတပ်၊ ရေတပ်နဲ့ အခြေစိုက်တပ်ရင်းတွေကနေလက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲတာတွေလုပ်ပြီးအမြင့်ကျွန်းရွာနားနဲ့ ရွှေမင်းဂံရေတပ်စခန်းနားကနေမြေပြင်ထိုးစစ်ဆင်လာခဲ့တာပါ။
အဲဒီလိုထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AA ကတိုက်ခိုက်တာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူများပြီး နောက်ပြန်ဆုတ်သွားခဲ့ရတာလို့ စုံစမ်းသိရပါတယ်။

Public Service Announcement
“အမြင့်ကျွန်းကနေပြီးတော့ ကွမ်းတောင်(ပုဏ္ဏားကျွန်းမြို့နယ်)နားထိကို ရောက်လာသေးတယ်။ဆုတ်ပေးလိုက်၊ပြန်တိုက်လိုက်ပဲ၊ အခုတော့ အကုန်လုံးပြန်ဆုတ်သွားပြီ။ (အမြင့်ကျွန်း)တံတားပေါ်ကဘန်ကာတွေမှာတောင်ခွေးတွေမရှိတော့ဘူး၊အကုန်ထွက်ပြေးသွားပြီ” လို့ မြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။
စစ်တပ်ဟာစစ်တွေမြို့နယ်ရဲ့ အဆုံး အမြင့်ကျွန်းတံတားပေါ်မှာဘန်ကာကြီးတွေအခိုင်အမာဆောက်၊ စခန်းချနေ ခဲ့တာဖြစ်ပြီး အခုတိုက်ပွဲမှာတော့အဲဒီဘန်ကာတွေကနေပါ နောက်ပြန်ဆုတ်သွားခဲ့ရတာလို့ဆိုပါတယ်။ အမြင့်ကျွန်းဘက်ကနေ ထိုးစစ်ဆင်လာခဲ့တဲ့ စစ်တပ်ရဲ့အဲဒီစစ်ကြောင်းဟာ တိုက်ပွဲပထမရက် စက်တင်ဘာလ ၄ ရက်နေ့ မှာပဲ ပြန်ဆုတ်သွားခဲ့ရတာဖြစ်ပြီး တိုက်ပွဲသုံးရက်မြောက် စက်တင်ဘာ ၆ ရက်နေ့အထိရှေ့တိုးလာနိုင်တာ မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင်ရွှေမင်းဂံရေတပ်စခန်းဘက်ကနေ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဟာလည်း အထိနာပြီး တိုက်ပွဲဒုတိယရက်စက်တင်ဘာ ၅ ရက်နေ့မှာသေဆုံးထိခိုက်မှုအများအပြားနဲ့ ပြန်ဆုတ်သွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စစ်တပ်ဟာရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ရှိ ရဲရိုးပြင်၊ ဆားပို့တောင်၊ အောင် မြေကုန်းစတဲ့ ရွာတွေနားထိ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး AA က ဖြတ်တိုက်ချိန် တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ကြတာပါ။
“၄ ရက်နေ့ တရက်လုံးတိုက်ပွဲဖြစ်တယ်။ ၅ ရက်နေ့လည်းနေ့ခင်းပိုင်းလောက်ကနေ စဖြစ်တာညနေလောက်ထိဖြစ်တယ်။ ဒီနေ့ကတော့ တိုက်ပွဲမရှိဘူး။ ဒီကောင်တွေ ရှေ့တိုးမလာတော့ နည်းနည်းငြိမ်နေတယ်” လို့ မြေပြင်သ တင်းရင်းမြစ်က ပြောပါတယ်။
နှစ်ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်ကထိခိုက်၊ သေဆုံးသူ တရာနီးပါးရှိပြီး AA ဘက်ကလည်းအချို့ရှိတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“စစ်ကြောင်းလိုက်ထွက်လာတာကတည်းက လက်နက်ကြီးနဲ့လှမ်းပစ်တာမှာဒီကောင်တွေ အုပ်စုလိုက်ထိတယ်။ရင်ဆိုင်တိုက်ပွဲမှာလည်း ထိတယ်။အလောင်းတွေတောင်ကျန်ခဲ့သေးတယ်။ကိုယ့်လူတွေလည်းအထိအခိုက်တော့ ရှိတယ်။ဒါပေမယ့် နည်းပါတယ်” လို့ သူက ရှင်းပြပါတယ်။
စစ်တပ်ဟာ တိုက်ပွဲအပြင်းအထန်ဖြစ်နေခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေ၊ အခြေစိုက်တပ်ရင်းတွေဆီကနေ နေ့ရာညပါ လက်နက်ကြီးအလုံးပေါင်း ရာချီ ပစ်ခတ်နေခဲ့ပြီး တိုက်
လေယာဉ်တွေနဲ့လည်း ဗုံးအလုံးရေ ဆယ်ချီကြဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်တွေက စက်တင်ဘာ ၄ ရက်မှာထိုးစစ်ဆင်တာကြောင့် ၄၉၂၆ စစ်ဆင်ရေးဆိုပြီး ဝါဒဖြန့်နေကြတာလည်းတွေ့ရပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာလည်းစစ်တွေမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီးဝန်းကျင်ဝါဘိုကျွန်းရှိ ကျေးရွာတွေကို လေကြောင်းဗုံးကြဲခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုအချို့လည်း ရှိနေသေးတယ်လို့ သိရပါ တယ်။
စစ်တပ်ရဲ့လေကြောင်း၊ လက်နက်ကြီးပစ်ခတ်ဗုံးကြဲမှုကြောင့်တိုက်ပွဲဖြစ်နေခဲ့တဲ့နေရာနဲ့ မိုင် ၁၀ ကျော်ကွာဝေးတဲ့ ပုဏ္ဏားကျွန်းမြို့အနီးက ဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေစက်တင်ဘာ ၄ ရက်မှာထိမှန်ပျက်စီးခဲ့ရပါတယ်။ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း၊ရသေ့တောင်မြို့နယ် မူစဲကမ်းနဲ့ ပေါက်တောမြို့နယ် ကုလားတန်မြစ်အရှေ့ဘက်ခြမ်းဒေသတွေ မှ ပြည်သူတွေဟာလည်း ကြောက်လန့်ပြီးတိမ်းရှောင်နေကြပါတယ်။
“ဒီနေ့မှ နည်းနည်း အသက်ရှုရှောင်တယ်။ မနေ့ကနဲ့ အရင်နေ့ကဆိုရင် လက်နက်ငယ်သံတွေ၊ စက်သေနတ်သံတွေ အတိုင်းသားကြားနေရတာ။ ညဘက်လည်း လေယာဉ်နဲ့ လာကြဲတယ်။ အသက်ကို ဖက်နဲ့ ထုတ်ထားရသလို တွေ့ တယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
စစ်တွေမြို့နယ်ပတ်လည်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို လက်လွှတ်ထားရကာ AA ရဲ့ ပတ်ပတ်လည်လည် ဝန်းရံပိတ်ဆို့တာခံနေရတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့ နယ်က ဒေသတွေကို အင်အားအလုံးအရင်းသုံးပြီး ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။
ကုလားတန်မြစ်ခြားပြီးစစ်တွေရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပေါက်တောမြို့နယ်နဲ့ မယူမြစ်ခြားပြီး စစ်တွေရဲ့ အ နောက်ဘက်မှာရှိတဲ့ ရသေ့တောင်မြို့နယ်တို့ကိုတော့လေကြောင်း၊လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာ တွေသာ ရှိပြီး မြေပြင်ထိုးစစ်ဆင်ဖို့ ကြိုးစားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ပုဏ္ဏားကျွန်းကိုစစ်ကူသွားတုန်းကလည်း ဒီအမြင့်ကျွန်းနားမှာပဲတင့်ကားတွေမီးရှို့ခံလိုက်ရတာ။ဒီတခေါက်လည်း တင့်ကားတွေနဲ့ တက်လာသေးတယ်ပြောတယ်။ အခြေအနေမဟန်လို့ ပြန်လှည့်သွားတာ။ထပ်တက်လာ ရင်ထပ်နာမှာပဲ။ ဘာလို့လဲဆိုတော့ AA လည်း အချိန်ယူပြီး အဆင့်သင့်လုပ်ထားပြီးသားဖြစ်မှာပဲလေ” လို့ ရခိုင်ဒေ သခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာတွေကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွကမ်းခြေနဲ့၊ သံတွဲ ငပလီကမ်းခြေတလျှောက်ကျေးရွာတွေကိုလည်း ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေက နေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာပါ။


















































