စက်တင်ဘာ ၈၊၂၀၂၆။သုည/People’s Spring
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖျက်သိမ်းရေးအတွက် ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ မြန်မာတွေက ဦးဆောင်ပြီး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှု ပြုလုပ်နေကြပါတယ်။
နာမည်ကျော် ဘောလုံးကစားသမားတွေရဲ့ ခရီးစဉ်ဟာ မြန်မာစစ်အာဏာရှင်အဖွဲ့က လက်ရှိဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်း တည်ငြိမ်မှုနဲ့တရားဝင်မှု ရှိသလို ပြသဖို့အတွက် အသုံးချနိုင်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိမှာ တရားမဝင် စစ်အာဏာသိမ်းအဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အပြစ်မဲ့ ပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေအပါအဝင် လူပေါင်းများစွာကို နေ့စဉ် အကြမ်းဖက်မှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရကြောင်း ထောက်ပြထားပါတယ်။

Public Service Announcement
ဒီလိုကာလအတွင်း မန်ယူရဲ့ ဂန္တဝင်ကစားသမားတွေ ဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ဘာဘာတော့ဗ်၊ အန်ဒါဆန်နဲ့ အီဗရာတို့က အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ရန်ကုန်မြို့မှာ နေထိုင်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လက်မှတ်ရေးထိုးလှုပ်ရှားသူတွေက မန်ယူဂန္တဝင်ကစားသမားတွေကို စီစဉ်ထားတဲ့ ခရီးစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုထားပြီး မန်ယူအသင်း စီမံခန့်ခွဲသူတွေနဲ့ ဂန္ထဝင် ကစားသမား တစ်ဦးချင်းစီတို့ထံသို့လည်း စာရေးသားပေးပို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် မန်ယူဂန္တဝင်ကစားသမားတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသနိုင်ဖို့ စစ်အာဏာရှင်အဖွဲ့ရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ပေးပြီး ၎င်းတို့ရဲ့ ဂုဏ်သတင်းနဲ့ ပုံရိပ်ကို စစ်အာဏာရှင်အဖွဲ့က အသုံးချခြင်းမှ ကာကွယ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ယင်းခရီးစဉ်ကို ဖျက်သိမ်းခြင်းဟာ မြန်မာပြည်သူတွေနဲ့ တကမ္ဘာလုံးရှိ မြန်မာတွေ စည်းလုံးညီညွတ်မှုကို ပြသတဲ့ အားကောင်းသော သတင်းစကားတစ်ရပ် ဖြစ်လာမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၎င်းရဲ့ ပရိသတ်တွေ တန်ဖိုးထားတဲ့ အခြေခံမူတွေကိုလည်း ထင်ဟပ်စေမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
“မန်ယူပရိသတ်တစ်ယောက်ဆိုပြီး ကိုယ့်နိုင်ငံမှာ လာစေချင်ပေမယ့်လည်း စစ်ကောင်စီရဲ့ ပုံရိပ်အတု အသုံးချပြီး အေးချမ်းနေကြောင်း ပြသချင်တာမို့ ဒီခရီးစဉ်ကို ဖျက်သိမ်းစေချင်ပါတယ်။ ဒါ့ကြောင့်လည်း ကိုယ်တတ်နိုင်တဲ့အားနဲ့ လက်မှတ်ရေးထိုးမှုမှာ ပါဝင်ထားပါတယ်။ ဘာတွေပဲ စကစ က လုပ်ဆောင်နေပါစေ နိုင်ငံမှာ ပုံမှန်ပြန်မဖြစ်သေးဘူး ဆိုတာကို မြန်မာပြည်တွင်းမှာ နေတဲ့သူတိုင်း သိပြီးသား ဖြစ်ကြပါတယ်။ မသိသေးရင်လည်း သတိမမူဘဲ မနေထိုင်ကြဖို့ ပြောလိုပါတယ်” လို့ ရန်ကုန်မြို့ရှိ မန်ယူပရိသတ်တစ်ဦးက ပြောပါတယ်။
လက်မှတ်ရေးထိုးတောင်းဆိုလိုသူတွေအနေနဲ့ https://www.change.org/…/urge-former-man-utd-players-to… ကနေ ဝင်ရောက်လုပ်ဆောင်နိုင်ပါတယ်

















































