စက်တင်ဘာ-၁၁၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring
စစ်တွေတိုက်ပွဲမှာ အထိနာပြန်ဆုတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာလ ၁၁ ရက် မနက်အစောပိုင်းအချိန်မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
မနက်အာရုံတက်အချိန်မျာ FPV Drone နဲ့ လူနေရွာထဲ ဗုံးကြဲခဲ့တာဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီး ဒေါ်လှသန်းရီရဲ့ ဘယ်ဖက်ရင်အုံမှာ ထိမှန်၊ သေဆုံးခဲ့ရတာပါ။
“ပေါက်တောဘက်ကနေ စစ်ရှောင်ဖို့ ရောက်နေကြတာ သူတို့က အဘွားက ဂွင်ချင်း(ပွဲချင်းပြီး)သေသွားတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဗုံးကြဲခံရတဲ့ ကျောက်ဆိပ်ရွာဟာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ ဆယ်မိုင်ကျော်ကွာဝေးပြီး ပုဏ္ဏားကျွန်းမြို့အနီး ဂူ၀ဘုရားတောင်ခြေရင်းက ကျေးရွာတခုဖြစ်ပါတယ်။ အဲဒီရွာမှာ ဒေသခံ ရွာသားတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေလည်း အများအပြားနေထိုင်ကြတာပါ။
စစ်တပ်ဟာ ကျောက်ဆိပ်ရွာကို ဗုံးကြဲတဲ့အပြင် ကျောက်ဆိပ်ရွာရှေ့ ဂူ၀ဘုရား၊ ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တွေ ရှိ စာသင်ကျောင်းနဲ့ နေအိမ်တွေ၊ အခြားအနီးတဝိုက်ကျေးရွာတွေကိုလည်း အခုရက်ပိုင်းအတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။
အခုလိုဗုံးကြဲနေတာဟာ စစ်တွေ – ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားလာနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဒီရွာတွေမှာ ဘာ AA မှလည်း မရှိဘူး။ ရွာသားတွေ စစ်ရှောင်တွေ၊ ကလေးတွေပဲ ရှိတယ်။ စစ်တိုက်ရင်လည်း စစ်ကို စစ်လိုတိုက်လေ။ စစ်တွေဘက်မှာ တိုက်ပွဲဖြစ်နေတာ ဒီရွာတွေကို ကြဲစရာအကြောင်းကို မရှိဘူးလေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်နေတဲ့ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ညမှာလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ကို ဗုံးကြဲခဲ့ပြီး ထိခိုက်၊ သေဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
“အခုလည်း လေယာဉ်ဝဲနေတယ် ဒီဘက်မှာ။ ကျိန္တလီမှာ ဒဏ်ရာရတဲ့သူတွေရှိတယ်လို့တော့ ကြားတယ်။ မသိရသေး” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ စစ်တပ်ဟာ ပြီးခဲ့ တဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက် ခြမ်းကို စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် စစ်ကြောင်းတခုဟာ အကျအဆုံးများပြီး တိုက်ပွဲပထမနေ့မှာပဲ ပြန်လှည့်ခဲ့ရကာ နောက်ထပ်စစ်ကြောင်းတခုဟာလည်း ရှေ့မတိုးနိုင်ဖြစ်နေပါတယ်။



















































