အောက်တိုဘာ ၁၂၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့မှာ ခရီးသည်က အိုးဝေသမားကို တိုက်ခိုက်ပြီး ယာဥ်လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က အောက်တိုဘာ ၁၁ ရက် ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းရှိ မနော်ရမ္မံကစားကွင်းကနေ ခရီးသည် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးရဲ့ အိုးဝေသုံးဘီးယာဥ်ကို ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၆ လမ်းနဲ့ ၆၉ လမ်းထောင့်ကို လိုက်ပို့ဖို့ ငှားရမ်းခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
အဆိုပါနေရာကို ရောက်တဲ့အခါ အိုးဝေသမားကို ခရီးသည်အမျိုးသားနဲ့ အမျိုးသမီးက ကျင်စက်တွေ၊ ဝက်အူလှည့်တွေနဲ့ ဝိုင်းထိုးကာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Public Service Announcement
“အသေကို ဝိုင်းထိုးကြတာပြောတယ်။ အိုးဝေလည်း လုခံရသလို ပိုက်ဆံအိတ်လည်း ပါသွားတယ်”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ အိုးဝေသမားကို ဆေးရုံကြီးပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။ ညပိုင်းမှာတော့ လုသွားတဲ့ အိုးဝေကို ပြည်ကြီးတံခွန်မြို့နယ်ထဲက ထိန်ကုန်းလမ်းဆုံမှာ ပြန်လည်တွေ့ရှိခဲ့ပြီး လုယက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ဓါးပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်အုပ်စုကိုယ်တိုင်နဲ့ လက်အောက်ခံ ပျူစောထီးတွေကလည်း ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။



















































