Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းအနောက်ခြမ်းတိုက်ပွဲ စစ်တပ်စစ်ကြောင်းတွေ လန်ကျနေ

ရခိုင်နဲ့ မကွေးတိုင်းအစပ်က မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမပေါ် တက်ဖို့ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီး လန်ကျနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးရဲဘော်တချို့က လူထုနွေဦးကို ပြောပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − သရက်ခရိုင် အမှတ်(၄)တပ်ရင်း)

အောက်တိုဘာ-၁၂၊၂၀၂၆။ဖိုးသား/People’s Spring

ရခိုင်နဲ့ မကွေးတိုင်းအစပ်က မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမပေါ် တက်ဖို့ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီး လန်ကျနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးရဲဘော်တချို့က လူထုနွေဦးကို ပြောပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်က နေ့စဉ်‌နီးပါးလေကြောင်း တိုက်ခိုက်နေပြီး အရပ်သားနေထိုင်ရာ ကျေးရွာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“စခ စစ်ကြောင်းတွေကတော့ ရိုးအခြေတွေမှာ ရှိနေဆဲပါပဲ။တက်ဖို့ကြိုးစားတယ် မတက်နိုင်ဘူးပေါ့။အဲ့ဒီတော့ လနက(လက်နက်ကြီး) ပစ်တယ် ။ဂျက်ဖိုက်တာ ၊ပါရာမော်တာတွေနဲ့ လေကြောင်းလာတယ်”လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုအောက်တိုဘာ ၈ ရက်က မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့ သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

“ကြဲနေတာက နေ့တိုင်းနီးပါးပဲ။သရက် ကပစ ၁၂ (အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ)မှာလည်း ပါရာမော်တာတွေ ထိုင်ထားတော့ ပိုဆိုးတယ်။တခါလာကြဲ ရင် ဂျက် ၂စီး၊ ပါရာ ၃စီးပဲ”လို့ မင်းတုန်း ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပေါ် တာဆွဲဖမ်းဆီးထားတဲ့ စစ်မှုထမ်းတပ်သား(ပစ) အများအပြားကို အသုံးချကာ မင်းတုန်းမြို့နယ်အတွင်းက ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ နဲ့ ရခိုင်ရိုးမပေါ် တက်နိုင်ဖို့ ကြိုးစားနေပေမယ့် အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်ပေါင်းစုက ခုခံကာကွယ်နေပါတယ်။

အခုရက်ပိုင်း တိုက်ပွဲတွေလည်းမကြာခဏ ဖြစ်နေပြီး ရခိုင်ရိုးမဘက်ကို ဖောက်ထွက်ဖို့ မကွေးတိုင်း မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချမယ့် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အဲဒီစစ်ကြောင်းက မင်းတုန်းမြို့ကို ပြန်ဆုတ်သွားခဲ့ရတယ်လို့ သရက်ခရိုင်အမှတ် (၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းက မင်းတုန်းအနောက်ခြမ်းက ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင်နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ ၂ရက်ဆက် အပြင်းအထန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်သားရုပ်အလောင်း ၃၀ကျော်ရပြီး စစ်တပ်စစ်ကြောင်းနောက်ပြန်ဆုတ်သွားရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ဦးတည်ပြီး စစ်တပ်က အင်အား ၁၀၀၀ ကျော်နဲ့ မင်းတုန်းမြို့အနောက်ခြမ်းကို ဇွန်လကစပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်မြို့နယ်၊မဲဇာရွာကထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာလေကြောင်း ပစ်ကူယူပြီး ဝန်းသိုမြို့နယ်ဘက်က်ို ဦးတည်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း၀င်တဲ့ ကျေးရွာက ပြည်သူတွေကို ကယ်ထုတ်ဖို့သွားရင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ က ရဲဘော် တချို့ကျဆုံးပြီး တပ်ခွဲမှူး ဗိုလ်မထား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook