အောက်တိုဘာ ၉၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။
မန္တလေးမြို့ ကုတင် ၅၅၀ ကလေးဆေးရုံမှာ လူနာစောင့်နေတဲ့မြင်းခြံမြို့ ၊ အမှတ်(၁၇)ရပ်ကွက် အပိုင်း(၃)မှာ နေထိုင်တဲ့ ဦးပေါ (ခ) ဦးသန့်ကျော်ကျော်ဆိုသူဟာ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီခွဲခန့်က ဆေးရုံကနေပျောက်ဆုံးသွားကြောင်း အဖြူရောင်လက်များပရဟိတအသင်း(မြင်းခြံ)က အသိပေးပါတယ်။
အဲဒီအမျိုးသားဟာ ပျောက်ဆုံးချိန်မှာ အင်္ကျီအနီကွက်လက်ရှည်ဝတ်ဆင်ထားကြောင်း၊ ၎င်းအား တွေ့ရှိပါက အဖြူရောင်လက်များပရဟိတအသင်း(မြင်းခြံ)ရုံးသို့ ဆက်သွယ်ပေးဖို့ အကူအညီတောင်းထားပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ကုတင် ၅၅၀ ကလေးဆေးရုံမှာပဲ ဆေးရုံတက်ကုသနေရတဲ့ ကလေးငယ်တွေရဲ့ ဖခင်နှစ်ဦး ပေါ်တာဆွဲခံခဲ့ရပါသေးတယ်။ သတင်းပြန့်သွားတာကြောင့် ရက်ပိုင်းအကြာမှာတော့ ဖခင်နှစ်ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့တာ တွေ့ရပါတယ်။
“ဆေးရုံဝင်းထဲထိဝင်ပြီး ပေါ်တာဆွဲတာတွေရှိတယ်ပြောတယ်။ ကိုယ်တွေတောင် ၁၇ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်လူနာစောင့်ပါလာလို့ အပြင်သိပ်မထွက်ခိုင်းရဲတော့ဘူး”လို့ အဆိုပါဆေးရုံမှာ တက်နေတဲ့ လူနာစောင့်တစ်ဦးက ပြောပါတယ်။
စစ်တပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ အဓမ္မစုဆောင်းထားတဲ့စစ်သားသစ်တွေနဲ့အဓိကစေလွှတ်တိုက်ခိုက်နေပြီး သေဆုံးဒဏ်ရာရတာ ၊ ထွက်ပြေးတာ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သွားတာတွေများနေသလို ၊စစ်သားသစ်စုဆောင်းဖို့ ပိုခက်ခဲလာတဲ့အတွက် နည်းမျိုးစုံနဲ့ ပေါ်တာဆွဲတာတွေကိုပိုလုပ်လာတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ဒါကြောင့် လူငယ်တွေ ၊ပြည်သူတွေအနေနဲ့ ပေါ်တာဆွဲမခံရအောင်ပါးနပ်စွာနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု အောက်တိုဘာမှာ လုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၉)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။



















































