အိန္ဒိယမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ပိုးဟပ်ပြည်သူ့ပါတီ (CJP) ထူထောင်သူ အက်ဘ်ဟီဂျိထိ ဒစ်ပ်ကီကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။
အိန္ဒိယမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဂျန်နက်ရှ်ကူးမား နုတ်ထွက်ပေးမယ့် အစီအစဉ် မတိုင်ခင် မွမ်ဘိုင်းကနေ ဒေလီကို ရောက်လာတဲ့ ဒစ်ပ်ကီဟာ သူ့ရဲ့ လက်ထောက်တွေနဲ့အတူ ဒေလီလေဆိပ်မှာတင် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့ကို ရဲတွေက ပြန်လွှတ်ပေးခဲ့ကြောင်း ဒစ်ပ်ကီရဲ့ ရှေ့နေတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကော်မရှင်ဟာ သန်းပေါင်းရာချီ များပြားတဲ့ မဲစာရင်း နာမည်တွေကို ပယ်ဖျက်ခဲ့ပြီး ဝန်ကြီးချုပ် နာယန်ဒရာမိုဒီ ဦးဆောင်နေတဲ့ အာဏာရပါတီ ပြန်လည် အနိုင်ရအောင် ကူညီပေးခဲ့ကြောင်း အတိုက်အခံတွေက စွပ်စွဲခဲ့ပါတယ်။
အဲဒီနောက် ကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ ဒေလီမှာ အောက်တိုဘာ ၁၀ ရက်နေ့တုန်းက စုဝေး ဆန္ဒပြဖို့ ကြိုတင် ပြင်ဆင်ထားခဲ့ပေမယ့် ရဲတွေက မြို့အနှံ့ လုံခြုံရေး တိုးမြှင့်ထားခဲ့သလို ဆန္ဒပြပွဲမှာ ပူးပေါင်းဖို့ ရောက်လာတဲ့ ဒစ်ပ်ကီကိုပါ လေယာဉ်ပေါ်မှာတင် စောင့်ကြို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဒေလီ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြပွဲတွေအတွက် လူစုတာမျိုး လုံးဝ အဖြစ်မခံဘဲ ဆန္ဒပြသူတွေ၊ အတိုက်အခံ အင်အားစုတွေ၊ ရှေ့နေတွေ၊ သတင်းယူတဲ့ ဂျာနယ်လစ်တွေ အကုန်လုံးကို သိမ်းကြုံးဖမ်းဆီးခဲ့ပါတယ်။ ဒါကြောင့် မျှော်လင့်ထားသလို အင်အားကောင်းတဲ့ ဆန္ဒပြပွဲမျိုး ဖြစ်မလာပေမယ့် အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေတုန်းက ဒေလီအနှံ့မှာ ပြောက်ကျားသပိတ်တွေတော့ ပေါ်ပေါက်လာခဲ့ပါတယ်။
ပြည်သူလူထု ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဖို့အတွက် ဒစ်ပ်ကီကို ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးဖို့ တရားရုံး တစ်ခုက အမိန့်ပေးခဲ့တာလို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒစ်ပ်ကီ လွတ်မြောက်လာတဲ့နောက် အောက်တိုဘာ ၁၁ ရက်နေ့တုန်းက CJPရဲ့ လူမှုကွန်ရက် မီဒီယာ Xအကောင့်မှာ ပိုးဟပ်တွေက ဘယ်တော့မှ မသေဘူးလို့ ရေးသားထားခဲ့ပါတယ်။
ဒေလီမြို့ထဲမှာတော့ CJPနဲ့ အိန္ဒိယ ကွန်မြူနစ် ပါတီကို ထောက်ခံတဲ့ ကျောင်းသား သမဂ္ဂတွေ ဦးဆောင်ပြီး ကြိုကြားကြိုကြား ဆန္ဒပြ ချီတက်တာတွေ ရှိခဲ့ပါတယ်။
အိန္ဒိယ ကျောင်းသားများ အဖွဲ့ချုပ်က အဖမ်းခံရတဲ့ ဆန္ဒပြသူတွေဟာ အချုပ်ယာဉ်တွေပေါ်မှာ ရဲတွေရဲ့ ကိုယ်ထိလက်ရောက် စော်ကားတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။
ဒေလီ ရဲတပ်ဖွဲ့ကတော့ အခုအခြေအနေတွေနဲ့ ပတ်သက်လို့ သီးခြားမှတ်ချက် မပေးသေးပါဘူး။ လူငယ်အများစု ဦးဆောင်ပါဝင်တဲ့ CJP ပိုးဟပ် လှုပ်ရှားမှုဟာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ ၁၂ နှစ်ကြာ အုပ်စိုးမှု ကာလတလျှောက်မှာ အကြီးမားဆုံး နိုင်ငံရေး စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဇူလိုင် လကုန်ပိုင်းတုန်းကလည်း CJP ဦးဆောင်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကြောင့် မိုဒီရဲ့ အစိုးရ အဖွဲ့ထဲက ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်ခဲ့ရဖူးပါတယ်။
ကိုးကား: Reuters



















































