ဩဂုတ် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ပူးပေါင်းကူညီနေသူတွေ ရပ်တန့်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
မနေ့က ဩဂုတ် ၁၀၁ရက်မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာ၌ ကျင်းပခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ မိန့်ခွန်းကို ဗမာဘာသာနဲ့ ပြန်လည်ရှင်းလင်း ပြခဲ့တာပါ။
ကချင်အာဇာနည်နေ့အခမ်းအနားကို ကချင်နဲ့ မြန်မာ နှစ်ဘာသာနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး KIO/KIA ခေါင်းဆောင်တွေဝန်ထမ်းတွေအပြင် မဟာမိတ်တွေ တက်ရောက်ခဲ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကောင်စီဝင်တွေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တာဝန်ရှိသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး SCEF ရဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးတို့ တက်ရောက်ခဲ့ပါတယ်။

Public Service Announcement
“စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးကို ဝိုင်းဝန်းကြိုးပမ်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကြိုးပမ်းနေတဲ့အချိန်မှာ တချို့လူများကတော့ အာဏာရှင်စနစ်ခိုင်မြဲရှည်ကြာဖို့အတွက် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေတာ ကျနော်တို့အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ မိန့်ခွန်းမှာကတော့ ဒီလိုပါဝင်ကူညီနေကြသူများအားလုံး ဒီနေ့အချိန်ကစပြီး ရပ်တန့်ပြီး အမှန်တရားဘက်မှာ ရပ်တည်ကြဖို့ လည်း သတိပေးထားတာကို တွေ့ရှိရပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အခမ်းအနားမှာ ဥက္ကဋ္ဌ မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖိုုမိမိလုပ်တဲ့အလုပ်တွေ ပြည်သူတွေလက်မခံရင် ပြန်စဉ်းစားသုံးသပ်ပြုဖို့ စတဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လမိန့်ခွန်းပါအ ချက်တွေကို ပြောပါတယ်။
“ကျနော်တို့ ရှောင်လွှဲလို့မရဘဲ စစ်တိုက်နေကြရပါတယ် ဒီအချိန်မှာ ကျင့်ဝတ်များကို လိုက်နာဖို့ တိုက်တွန်းထားတာကိုလည်းတွေ့ရှိရမှာ ဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီးဂွန်မော်က ရှင်းပြပါတယ်။
စစ်အစိုးရ အနေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတာတွေ မလုပ်ဖို့ ပြည်သူကို လူသားဒိုင်း မလုပ်ဖို့ လူသားတိုင်းရဲ့အသက်ကို တန်ဖိုးထားဖို့လည်း ဥက္ကဋ္ဌက ပြောကြားထားကြောင်း အသိပေးပါတယ်။

















































