အမေရိကန်နိုင်ငံမှာ ရဟတ်ယာဉ် ၂ စီး လေထဲတိုက်မိလို့ လူ ၃ ဦး သေဆုံးသွားကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့က အော်ရီဂွန်ပြည်နယ် အနောက်မြောက်ပိုင်းက လေဆိပ်တစ်ခုနားမှာ ဆိုးရွားတဲ့ လေကြောင်း မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
ယမ်းဟေးလ်ခရိုင်ရဲ့ ကျေးလက် ဧရိယာ တစ်ခုဖြစ်တဲ့ မက္ကမင်ဗီးလ်နားက မြူနီစီပယ် လေဆိပ်နားမှာ ရဟတ်ယာဉ်တွေ တိုက်မိပြီး ပုဂ္ဂလိကပိုင် စိုက်ခင်းဧရိယာ တစ်ခုထဲ ပျက်ကျသွားခဲ့ပါတယ်။
ဒေသခံ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ရဟတ်ယာဉ် တစ်စီးပေါ်မှာ တက္ကဆက်စ် ပြည်နယ်ထဲက လေယာဉ်မောင်း သင်တန်းမှူး တစ်ဦးနဲ့ ဗြိတိန်သား လူငယ် သင်တန်းသားတစ်ဦး လိုက်ပါခဲ့ပြီး နောက်တစ်စီးထဲမှာတော့ ရဟတ်ယာဉ်မောင်းသူ တစ်ဦးပဲ ပါလာခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
သေဆုံးသူတွေထဲက အမေရိကန် နိုင်ငံသားတွေဖြစ်တဲ့ မက်ဒီ အက်စ်ဘိုနဲ့ တိုင်လာ စတက်ဒီဗန့်တို့ရဲ့ နာမည်တွေကို အတည်ပြု ထုတ်ပြန်ထားပေမယ့် အသက် ၂၂ နှစ်အရွယ် ဗြိတိန် လူငယ်က ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မကြေညာသေးပါဘူး။
ရဟတ်ယာဉ်ချင်း တိုက်မိကို ပါဝင်စုံစမ်းနေတဲ့ အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေးဌာန (NTSB)က တိုက်မိတဲ့ ရဟတ်ယာဉ်တွေဟာ Robinson R-22နဲ့ Airbus AS350 အမျိုးအစားတွေ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ရဟတ်ယာဉ် တစ်စီးဟာ ဒေသခံ ဂျယ်ရီ ထရင်ဘဲလ်စ် အမောင်းသင် လေ့ကျင့်ရေး သင်တန်းကျောင်းက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အခုဖြစ်ရပ်မှာ ထိခိုက်နာကျင်ရတဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့ထပ်တူ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်း သင်တန်းကျောင်းက ထုတ်ပြန်ထားပါတယ်။
ရဟတ်ယာဉ်နှစ်စီးဟာ ဘယ်လို အမှားအယွင်းကြုံလို့ တိုက်မိခဲ့ကြသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ကုမ္ပဏီကတော့ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်း ပါဝင်သွားမယ်လို့ ကြေညာထားပါတယ်။
ကိုးကား: CNN




















































