နိုဝင်ဘာ-၆၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက် စာရင်းထဲကနေ ဖယ်ရှားပေးဖို့ ထောက်ခံခဲ့ကြောင်း သတင်းတွေကို ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ငြင်းဆိုပါတယ်။
အာဏာသိမ်းစစ်တပ် အုပ်ချုပ်နေတဲ့ နိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့် နာမည်ပျက် စာရင်းထဲကနေ ဖယ်ရှားပေးဖို့ ထောက်ခံတဲ့ နိုင်ငံတွေ စာရင်းထဲမှာ ဂျပန်လည်း ပါဝင်လာကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဂျပန် အစိုးရဖက်ကတော့ အဲဒီ စွပ်စွဲချက်တွေကို ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နှစ်မှာငွေကြေးခဝါချမှု တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (FATF)က ငွေကြေးခဝါချမှု၊ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုနဲ့ စွပ်စွဲခံရတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာကို ထည့်သွင်းခဲ့ပါတယ်။

Public Service Announcement
အဲဒီစာရင်းမှာဖော်ပြခံရတဲ့နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ လည်ပတ်မှုတွေနဲ့ ငွေကြေး လွှဲပြောင်းမှုတွေဟာ ပိုမိုပြီး စေ့စေ့စပ်စပ် စောင့်ကြည့် စစ်ဆေးမှုကို ခံရလေ့ ရှိပါတယ်။
FATFရဲ့ နာမည်ပျက် စာရင်းထဲကနေ မြန်မာကို ဖယ်ထုတ်ပေးဖို့ ဂျပန်အစိုးရက ပါဝင် ကြိုးပမ်းနေတယ် ဆိုတာမျိုး လုံးဝ မရှိဘူးလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစား ငွေကြေး ခဝါချမှုတွေ၊ တရားမဝင် ငွေကြေးဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေကနေ လွတ်မြောက်လာအောင် မြန်မာကိုယ်တိုင်က တိုးတက်မှုတွေ ရှာဖွေစေဖို့ပဲ ဂျပန်က လိုလားကြောင်းဆိုပါတယ်။
FATF အဖွဲ့ဝင် နိုင်ငံ ၄၀ က အောက်တိုဘာ ၃၀ ရက်နေ့တုန်းကပြင်သစ်နိုင်ငံ၊ပါရီမြို့တော်မှာ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ပြီး မြန်မာကို နာမည်ပျက် စာရင်းထဲမှာ ဆက်လက် ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ မြန်မာကို နာမည်ပျက် စာရင်းက ဖယ်ပေးဖို့ ဂျပန်က အကြံပြု တိုက်တွန်းခဲ့ခြင်းမရှိဘူးလို့လည်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောကြားရှင်းလင်းလာတာဖြစ်ပါတယ်။
အဲဒီ အစည်းအဝေးအတွင်း ရင်းနှီးခင်မင်ရတဲ့ နိုင်ငံတချို့က FATF နာမည်ပျက် စာရင်းကနေ မြန်မာကို ဖယ်ထုတ်ပေးဖို့ ဝိုင်းဝန်း တိုက်တွန်းခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အာဏာသိမ်း မြန်မာစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်၊တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့ဟာ မြန်မာဖက်က အားထုတ် ကြိုးပမ်းမှုတွေကိုအသိအမှတ်ပြုခဲ့ကြောင်း၊ မြန်မာရဲ့ လက်ရှိ တိုးတက်မှုတွေကို လက်ခံသဘောတူပေးတဲ့ အဲဒီနိုင်ငံတွေကို ကျေးဇူးတင်ကြောင်း မြန်မာစစ်တပ်ကပြောပေမယ့် အသေးစိတ်ကိုတော့မှတ်ချက်ပေးမထားခဲ့ပါဘူး။
မြန်မာဟာ FATFရဲ့သတ်မှတ်တာဝန်တွေကို လေးစားလိုက်နာနေတဲ့အတွက်စိတ်အားတက်မိကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တခြား FATF အဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်နေကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပေမယ့် တခြားနိုင်ငံတွေရဲ့အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိတွေကတော့ အဲဒီအကြောင်းကို ဘာမှတ်ချက်မှ မပေးကြပါဘူး။
FATF က စစ်တပ်လက်အောက်ကမြန်မာကို အမည်ပျက်စာရင်းဆက်သွင်းထားပြီး ၂၀၂၇ ဖေဖော်ဝါရီ အထိတိုးတက်မှု ရှိ၊မရှိ အခြေအနေကို စောင့်ကြည့်ပြီး ထပ်မံဆုံးဖြတ်မယ်လို့ ကြေညာထားပါတယ် ။
ကိုးကား: Japan Times




















































