နိုဝင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်က မနေ့ညမှာမြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး ဒေသခံပြည်သူ ၁၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၅ရက် ည ၁၁ နာရီကျော်အချိန်မှာ စစ်တပ်ကဂျက်ဖိုက်တာတစီးနဲ့ ပြည်သူတွေနေထိုင်တဲ့ နန်းကျားရွာထဲကို ဗုံးတလုံးကြဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“ဂျက်လာတယ်လို့အသံကြားရုံပဲရှိသေတယ်။ကြဲတော့တာ။အသံအကျယ်ကြီးကြားလိုက်တယ်။ခဏနေတော့ ရွာထဲကျတယ်လို့ ကြားတယ်။ရွာထဲကို တမင်တကာကို ကြဲချခဲ့တာပါ။လူတွေအိပ်နေချိန်ဆိုတော့ ဗုံးကျင်းတွေ ဘာတွေကိုလည်း ဝင်ဖို့ မရလိုက်ကြဘူး” လို့ မြောက်ဦးမြို့နယ် နန်းကျားရွာအနီးမှ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဗုံးကြဲမှုကြောင့် နန်းကျားရွာမှ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မသဲသဲမွန်သေဆုံးခဲ့ပါတယ်။ သူမမှာ သမီးနှစ်ဦး ကျန်နေခဲ့တယ်လို့ နန်းကျားရွာမှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
နန်းကျားရွာဟာမြောက်ဦး – မင်းပြား ကားလမ်းမအနီး၊ လေးမြို့မြစ်ကမ်းဘေးမှာတည်ရှိပြီး စိုက်ပျိုးရေးအဓိကလုပ်ကိုင်ကြတဲ့ရွာ တရွာဖြစ်ပါတယ်။
“ကျွန်မတို့ရွာတွေလောက်အေးချမ်းတာမရှိဘူး။တောလည်းမရှိ၊တောင်လည်းမရှိ၊ အရင်တိုက်ပွဲဖြစ်တုန်းကလည်း ဘာမှ မဖြစ်ခဲ့ဘဲနဲ့ အခုမှ ဗုံးကြဲတာဆိုတော့ လူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကို လာသတ်တာလို့ပဲပြောချင် တယ်” လို့ နန်းကျားရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်ဗုံးကြဲမှုကြောင့် နန်းကျားရွာမှ ထိခိုက်ဒဏ်ရာရသွားသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်ပြီး သေဆုံး၊ ဒဏ်ရာရအရေအတွက်တွေ တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန်းကျားရွာအနီးမှာ ရိုဟင်ဂျာကျေးရွာတွေလည်းရှိပါတယ်။ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နိုဝင်ဘာ ၁ ရက်နေ့ကလည်းမြောက်ဦးမြို့ပေါ်ရှိ သားဖွားဆေးရုံကို ဗုံးကြဲခဲ့တာကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။
မြောက်ဦး၊သားဖွားဆေးရုံဗုံးကြဲခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာပဲစစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်းမပေါ် ဝါး တောင်ရွာအနီးရှိ ယိုးချောင်းတံတားကိုလည်း စစ်နပ်ကဗုံးကြဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အလားတူပေါက်တောမြို့နယ်ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာခဲ့ပါတယ်။
အကြမ်းဖက်ဖက်ဆစ်စစ်တပ်ရဲ့ မြောက်ဦး သားဖွားဆေးရုံဗုံးကြဲတဲ့ ဖြစ်ရပ်ဟာ လူ့သမိုင်းတလျှောက်မှာ အဆိုးရွား ဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေထဲကတခုဖြစ်ပြီး ဗုံးကြဲမှုမှာ ပါဝင်သူတယောက်ချင်းစီကို လက်တုံ့ ပြန် သွားမယ်လို့အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုရက်ပိုင်းမှာ အာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်နေပါတယ်။အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ် ရပ်တွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာသေဆုံးဒဏ်ရာရသူများပြီး စစ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုပ်နေရာအားလုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်ထားပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့
နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းကိုလည်း AAက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်သူတွေက ၄၉၂၆ စစ်ဆင်ရေးလို့အမည်ပေးထားတဲ့ တန်ပြန်စစ်ဆင်ရေးအရှိန်မြှင့်ခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၅ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံပြည်သူ ၁၂၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၁၉ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။




















































