Connect with us

Hi, what are you looking for?

သတင်း

SCEF ကိုယ်စားလှယ်အဖွဲ့ နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ တွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီ‌ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေဟာ နိုဝင်ဘာ ၅ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက သတင်းထုတ်ပြန်ကာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

(SCEF ကိုယ်စားလှယ်အဖွဲ့ နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - SCEF)

နိုဝင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီ‌ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေဟာ နိုဝင်ဘာ ၅ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက သတင်းထုတ်ပြန်ကာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

“Myanmar’s Path to a Federal Democratic Union: SCEF’s Role and Opportunities for the Republic of Korea” ခေါင်းစဉ်ဖြင့် ပြုလုပ်တဲ့ လွှတ်တော်ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ် အီယုန်ဆွန်း၊ Rebuilding Korea Party အမတ် ဂင်ဂျွန်းဟျောင်း၊ လွှတ်တော်နိုင်ငံခြားရေးနဲ့ ငြိမ်းချမ်းရေးဖိုရမ်တို့ ကမကထပြု ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဆွေး‌နွေးပွဲ သဘာပတိအဖြစ် Dong-A တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ဝန်းဒုံအု က ဆောင်ရွက်ခဲ့ကြောင်း အသိပေးပါတယ်။

ဆွေးနွေးပွဲမှာ SCEF ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံရေး လတ်တလောအခြေအနေနဲ့ SCEF ဖွဲ့စည်းမှု၊ ရည်မှန်းချက်နဲ့ လက်တွေ့ဖြစ်ထွန်းမှု အခြေအနေတွေ ရှင်းပြခဲ့တဲ့အပြင် ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ထောက်ခံပေးရုံသာမက လက်တွေ့ကျသော အားပေးကူညီမှုများကိုလည်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒ့ါအပြင် ပြည်တွင်းနဲ့ နယ်စပ်ဒေသတလျှောက်တွင် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို SCEFနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး နယ်မြေထိန်းချုပ်ထားနိုင်သော SCEF အဖွဲ့ဝင်များမှတဆင့် ကူညီပေးနိုင်ရေး ကြိုးစားပေးဖို့ ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

ကိုရီးယား-အာဆီယံ ဆက်ဆံရေးမှတဆင့် ဒီမိုကရေစီရေး တွန်းအားပေးမှုကို တိုးမြှင့်ပေးစေလိုကြောင်း အဓိကထား တင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။

SCEF ကိုယ်စားလှယ်အဖွဲ့မှာ အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNPP အတွင်းရေးမှူး(၁)၊ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ နဲနယ်ပလို၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးနဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်၊ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ပါတယ်။

လွှတ်တော်အမှတ်တွေဘက်ကလည်း သိလိုတဲ့ မေးခွန်းတွေ မေးမြန်းခဲ့ရာ SCEF တွင် အချို့သော အဓိကအဖွဲ့အစည်းများ မပါဝင်သေးတာကို ဘယ်လိုကျော်လွှားမလဲ၊ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်အစိုးရရဲ့ အာဏာများကို ဘယ်လိုခွဲဝေသတ်မှတ်သွားမလဲဆိုတဲ့ အချက်တွေ ပါတယ်လို့ဆိုပါတယ်။

စစ်တပ်က စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရပုံစံအဖြစ် ပြောင်းလဲကာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရှာဖွေနေတဲ့အပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းထက် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကသာ ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း ယုံကြည်လက်ခံလာစေဖို့ ဘယ်လိုစည်းရုံးသွားမလဲ ဆိုတာ လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ကြောင်း ဖော်ပြပါတယ်။

SCEF အနေနဲ့ ကိုရီးယားလွှတ်တော်နဲ့ အစိုးရထံက ဦးစားပေးတောင်းဆိုလိုတဲ့ တိကျတဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေဟာ ဘာလဲဆိုတာကိုလည်း ကိုရီးယားအမတ်တွေက မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုမေးမြန်းတာတွေအပေါ် SCEFက ပြန်လည်ဖြေကြားပေးခဲ့ရာ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဖက်ဒရယ်ယူနစ်များ၊ တော်လှန်ရေးအင်အားစုများအားလုံးနဲ့ ထိတွေ့ဆွေးနွေးလျက်ရှိပြီး ဘုံသဘောတူညီမှုဖြင့် ဆောင်ရွက်သွားမယ်လို့ အသိပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူများကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်ကို ယခုတိုင် ကိုရီးယားအပါအဝင် နိုင်ငံတကာမှ အသိအမှတ် မပြုသေးတဲ့ ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း SCEFက ပြောကြားခဲ့သလို တရုတ် အိန္ဒိယ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် နယ်မြေတည်ငြိမ်မှုကို အာမခံနိုင်ပြီး မူဝါဒတခုတည်းဖြင့် ဆက်ဆံနိုင်သော မဟာမိတ်တပ်ပေါင်းစုကို မိတ်ဖက်အဖြစ် လိုလားမှာ ဖြစ်တယ်လို့ ဖြေကြားခဲ့ကြောင်း အသိပေးပါတယ်။

မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂသံအမတ်ကြီးကို ဆက်လက်ထောက်ခံရေးနဲ့ လူသားချင်းစာနာသော အကူအညီများ ပေးအပ်ခြင်းကို ကိုရီးယားအစိုးရနဲ့ လွှတ်တော်သို့ SCEFက တောင်းဆိုခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ