နိုဝင်ဘာ ၆၊၂၀၂၆။ဇေအောင်/People’s Spring
မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းမှာ စစ်တပ်အောက်က Non-CDM ဝန်ထမ်းအချင်းချင်း လုပ်ပိုင်ခွင့်နေရာ လုရာကနေ အချင်းများပြီး ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားကာ ၁ဦးသေဆုံးခဲ့ကြောင်း ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ နိုဝင်ဘာလ ၅ ရက်က စီမံကိန်းရဲ့ QI (Quality Inspection သို့မဟုတ် အရည်အသွေးစစ်ဆေးရေး) ဌာနမှာ အလုပ်လုပ်ကိုင်နေကြတဲ့ Non-CDM ဝန်ထမ်း ၂ ဦးဖြစ်တဲ့ ဖိုးချစ် ခေါ် ထွန်းဝင်းမြတ်နဲ့ သိန်းဇော်ထွေးတို့ အချင်းချင်း စကားများရန်ဖြစ်ကြရာမှ ဓားနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး ၁ဦးသေဆုံးသွားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
“သတ်တဲ့သူက ကိုဖိုးချစ် ခေါ် ကိုထွန်းဝင်းမြတ်က သတ်တာပါ။သေတာက ကိုသိန်းဇော်ထွေး သေတာပါဗျ။ QI ဌာနကပါ ၂ယောက်စလုံးက။ ဌာန အတူတူကို လုပ်ပိုင်ခွင့် နေရာ အာဏာ လုရာကနေစ ဖြစ်တာလို့ သိရပါတယ်ဗျ”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်အတွက် လစဥ်ဒေါ်လာသန်းနဲ့ချီရှာပေးနေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းအားလုံးရဲ့ ၉၅ ရာခိုင်နှုန်း CDM ပြုလုပ်မှုကြောင့် အလုံးစုံရပ်တန့်သွားခဲ့ပြီး စစ်ကောင်စီအတွက် လုံးဝဝင်ငွေမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်တော့ စီမံကိန်းတွေကို ၂၀၂၄ နှစ်စပိုင်းကစပြီးတော့ CDM မလုပ်တဲ့ ထိပ်ပိုင်း ရာထူးကြီးဝန်ထမ်းတွေက သူတို့ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ပြန်လည်ခေါ်ယူခဲ့ရာ ယခုနှစ်ဆန်းပိုင်းကစပြီး ရာနှုန်းပြည့်နီးပါး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပုဂ္ဂလိက Non CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီရဲ့ တာဝန်ရှိသူက People’s Spring ကို ဖြေကြားခဲ့ဖူးပါတယ်။
ဒါကြောင့် မြန်မာဝမ်ပေါင် ကုမ္ပဏီဝန်ထမ်းတွေနဲ့ စစ်ကောင်စီထောက်တိုင် ကုမ္ပဏီတွေကို ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီအတွင်းက သတိပေးထုတ်ပြန်ဖူးပါတယ်။




















































