လော့စ်အန်ဂျလိစ် မြို့တော်ဝန်နေရာ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု နစ်သ်ယာ ရာမန်က လက်ရှိ မြို့တော်ဝန်ကို အံ့ဩစရာ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ အကြီးဆုံး မြို့တွေဖြစ်တဲ့ နယူးယောက်ရော၊ လော့စ်အန်ဂျလိစ်မှာပါ မြို့တော်ဝန် နေရာတွေကို အာရှတောင်ပိုင်းနွယ်ဖွား၊ တိုးတက်ပြောင်းလဲရေး အမြင်ရှိတဲ့ ဒီမိုကရက်တစ် ပါတီဝင် ဆိုရှယ်လစ် ဝါဒီတွေက ရယူသွားနိုင်ပြီ ဖြစ်ပါတယ်။
ရာမန်ရဲ့ အနိုင်ရမှုဟာ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် နိုင်ငံရေး လေ့လာသူတွေကိုပါ အကြီးအကျယ် အံ့ဩစေခဲ့ပါတယ်။ ရာမန်ဟာ လက်ရှိ မြို့တော်ဝန်၊ ဒီမိုကရက်တစ်ပါတီ လုပ်ဖော်ကိုင်ဖက် ကာရန်ဘက်စ်ကို ယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ်လောက်သေးဘူးလို့ အများစုက ခန့်မှန်းထားပေမယ့် အခုလို စွမ်းဆောင်ပြခဲ့တာ ဖြစ်ပါတယ်။ ဘက်စ်ဟာ အမေရိကန်ရဲ့ ဟဲဗီးဝိတ်တန်း နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လွှတ်တော်အမတ် တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသလို နိုင်ငံရေး ရာထူး တစ်ခုခုအတွက် ယှဉ်ပြိုင်သမျှ ရွေးကောက်ပွဲတိုင်းမှာ အရင်က ဘယ်တုန်းကမှ မရှုံးခဲ့ဖူးသေးပါဘူး။
ဘက်စ်က သူ့ရဲ့ ရှုံးနိမ့်မှုကို လူမှုကွန်ရက်ပေါ်မှာ ဝန်ခံ ရေးသားခဲ့ပြီး ဒီရလဒ်ကို မျှော်လင့်မထားခဲ့ပေမယ့် လော့စ်အန်ဂျလိစ် ပြည်သူတွေက သူတို့ရဲ့ လိုလားမှုအတိုင်း ရွေးချယ်ခဲ့ကြောင်း၊ အရေးကြီးတာက ဒီမြို့ရဲ့ ဆက်လက် တိုးတက် ဖွံ့ဖြိုးရေး ဖြစ်ကြောင်း၊ သူက လော့စ်အန်ဂျလိစ်ကို ချစ်ခင်ပြီး လော့စ်အန်ဂျလိစ်ရဲ့ ရွေးချယ်မှုကို ယုံကြည်ကြောင်း၊ လော့စ်အန်ဂျလိစ် မြို့တော်သား အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝမျိုး ဆောင်ယူပေးချင်တယ်ဆိုတဲ့ ကတိကိုလည်း အမြဲတမ်း ဆက်ပြီး ထိန်းသိမ်းထားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ရာမန်ဟာ နယူးယောက် မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီနဲ့ မကြာခဏ နှိုင်းယှဉ်ခံရသူ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက ဒီမိုကရက်တစ် ပါတီဝင် ဆိုရှယ်လစ် ဝါဒီတွေဖြစ်ပြီး တိုးတက်ပြောင်းလဲလိုတဲ့ နိုင်ငံရေး အမြင်ကို ဆုပ်ကိုင်ထားကြပါတယ်။

Public Service Announcement
မမ်ဒါနီက နယူးယောက်ရဲ့ ပထမဆုံး မွတ်ဆလင် မြို့တော်ဝန် ဖြစ်ခဲ့သလို ရာမန်ကလည်း လော့စ်အန်ဂျလိစ်ရဲ့ ပထမဆုံး အာရှနွယ်ဖွား ဟိန္ဒူဘာသာဝင် မြို့တော်ဝန်အဖြစ် မှတ်တမ်းရေးထိုးနိုင်တော့မှာပါ။ သူဟာ လော့စ်အန်ဂျလိစ် ကောင်စီ အဖွဲ့ဝင်အဖြစ် ရှိနေခဲ့ချိန်တုန်းက ဒီပဝါလီ ပွဲတော်တွေကို မြို့တော်ခန်းမမှာ ကျင်းပခဲ့ဖူးပါတယ်။ ရာမန်ရော၊ မမ်ဒါနီပါ အိန္ဒိယ သွေးနှောတဲ့ မိဘတွေက ပေါက်ဖွားလာကြပြီး ရာမန်ကတော့ အိန္ဒိယနိုင်ငံက ကီရာလမ်မှာ မွေးဖွားခဲ့ပြီး အမေရိကန်ကို ပြောင်းရွှေ့ခဲ့သူပါ။ အသက် ၄၅ နှစ်အရွယ် ရာမန်ဟာ သူ့ရဲ့ ရာထူးအသစ်ကို ဒီဇင်ဘာလမှာ စတင် ထမ်းဆောင်မှာ ဖြစ်ပါတယ်။
ဟားဗက် တက္ကသိုလ်နဲ့ မက်ဆာချူးဆက် နည်းပညာ အင်စတီကျု (MIT)တို့မှာ ပညာသင်ယူခဲ့သူ မြို့ပြစီမံကိန်း ပညာရှင် ရာမန်ဟာ လော့စ်အန်ဂျလိစ် မြို့တော်မှာ အိမ်ခြေရာမဲ့ လျှော့ချရေး၊ အိုးအိမ် စီမံကိန်း အသစ်တွေ ဖော်ဆောင်ရေး၊ ဟောလိဝုဒ်မှာ အလုပ်အကိုင် ဆုံးရှုံးမှုတွေကို တားဆီးရေး၊ အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဖြိုခွင်းမှုတွေကနေ ဒေသခံတွေကို တားဆီးကာကွယ်ပေးရေးဆိုတဲ့ ကတိတွေနဲ့ မဲဆွယ်ယှဉ်ပြိုင်ခဲ့တာပါ။ မြို့ရဲ့ လမ်းတွေ၊ အလှအပ တန်ဆာဆင်ထားတဲ့ နေရာတွေကို ပြန်လည် ပြင်ဆင်ပေးဖို့၊ မြူးကြွနိုးကြား သက်ဝင်တဲ့ မြို့ရဲ့ ညအလှတွေကို ပြန်လည် ဆောင်ယူပေးဖို့လည်း သူက ကတိပေးခဲ့ပါတယ်။
လေ့လာသူတွေကတော့ မနှစ်က လော့စ်အန်ဂျလိစ်မှာ လောင်ကျွမ်းခဲ့ပြီး လူအများအပြား သေဆုံးစေခဲ့တဲ့ တောမီးကိစ္စမှာ ဘက်စ်အတွက် အမှတ်လျော့စရာတွေ ဖြစ်ခဲ့ပုံရကြောင်း ပြောပါတယ်။ အဲဒီတုန်းက မြို့တော်ဝန် ဘက်စ်ဟာ အရေးပေါ် တုံ့ပြန် ကိုင်တွယ်မှုတွေ လုပ်ဆောင်နေရတဲ့ ကာလတွေမှာ လူအများရှေ့ ထွက်ပေါ်လာတာမျိုး မရှိခဲ့လို့ အတော်လေး ဝေဖန် ခံခဲ့ရဖူးပါတယ်။
ရာမန်ကတော့ အစောပိုင်းမှာ အိမ်ဖြည့်အဆင့်လောက်ပဲ ဝင်ပြိုင်တာလို့ ထင်ကြေးပေး ခံခဲ့ရပေမယ့် ထောက်ခံမှုတွေ တဖြည်းဖြည်း ပိုမိုစုရုံး ရယူလာနိုင်ပြီး မမ်ဒါနီနဲ့ နှိုင်းယှဉ် ခံရခြင်းကလည်း သူ့အပေါ် လူစိတ်ဝင်စားမှု မြင့်တက်လာစေခဲ့ပါတယ်။
လော့စ်အန်ဂျလိစ်ရဲ့ မြို့တော်ဝန် အသစ်ဟာ ၂၀၂၈ ခုနှစ်၊ နွေရာသီ အိုလံပစ် ပြိုင်ပွဲတွေ လက်ခံကျင်းပရေးကိုလည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီမှာလည်းပဲ ဒီမိုကရက်တစ် ပါတီရဲ့ တိုးတက်ပြောင်းလဲမှု အမြင်ရှိသူ ဆိုရှယ်လစ် နိုင်ငံရေးဝါဒီ ဂျန်နက်ဆီ လီဝစ်ဂျော့ဂျ်က အနိုင်ရခဲ့ပြန်ပါတယ်။
အမေရိကန်ရဲ့ မြို့ကြီးတွေမှာ လက်ဝဲယိမ်း နိုင်ငံရေးသမားတွေ မြို့တော်ဝန် ဖြစ်လာနေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက သဘောထားမှတ်ချက် တောင်းခံတဲ့အခါ သမ္မတ ဒေါ်နယ်လ်ထရမ့်က သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဒီကိစ္စက ကပ်ဘေးတစ်ခု ဖြစ်လာမယ်ဆိုတာ သိသာနေကြောင်း တုံ့ပြန်သွားပါတယ်။ အရင်ကတည်းက ရီပတ်ဘလစ်ကန် ပါတီဟာ ဒီမိုကရက်တစ် ပါတီထဲမှာ လက်ဝဲယိမ်း ဆိုရှယ်လစ်တွေ ပိုမို နေရာရလာတာကို နိုင်ငံရေးအရ ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်လေ့ ရှိခဲ့ပါတယ်။
ကိုးကား: BBC




















































