Connect with us

Hi, what are you looking for?

သတင်း

အချိန်အခါမဟုတ်ရွာနေတဲ့မိုးကြောင့် ဒေသအချို့ ရေဘေးကြုံ၊ သီးနှံစိုက်ခင်းတွေ ပျက်စီး

နိုင်ငံဒေသအများအပြားမှာ အချိန်အခါမဟုတ်ရွာနေတဲ့မိုးကြောင့် ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က မြို့နယ်အချို့ ရေဘေးကြုံတွေ့နေပြီး ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှာလည်း သီးနှံစိုက်ခင်းအများအပြားပျက်စီးတယ်လို့ သတင်းရရှိပါတယ်။

(ရပ်စောက်မြို့ ရေဘေးသင့်ပြည်သူတွေကို မဇ္ဈိမလူမှုကူညီရေးအသင်းက ကူညီပေးနေစဉ်။ ဓာတ်ပုံ - မဇ္စျိမအသင်း)

နိုတင်ဘာ-၁၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

နိုင်ငံဒေသအများအပြားမှာ အချိန်အခါမဟုတ်ရွာနေတဲ့မိုးကြောင့် ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က မြို့နယ်အချို့ ရေဘေးကြုံတွေ့နေပြီး ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှာလည်း သီးနှံစိုက်ခင်းအများအပြားပျက်စီးတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကစပြီး မိုးရွာနေတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်း ကလေး၊ ရွှေညောင်၊ မိုးနဲ၊ဟိုပုံး၊ တောင်ကြီး၊လဲချား၊လွိုင်လင်၊နန့်စန်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းတုံနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့မိုးမိတ်မြို့နယ်တွေမှာ ရပ်ကွက်အချို့ရေနစ်မြုပ်ပြီး တောင်မြေပြိုတဲ့နေရာတွေရှိသလို လမ်းတွေလည်းရေကျော်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁ဝ ရက်ကလည်း လားရှိုးမြို့နဲ့ လွိုင်လင်မြို့မှာ မိုးရေချိန် စံချိန်သစ်တင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

” ၂၀၂၄ခုနှစ်က မုန်တိုင်းကြောင့် ကျနော်တို့ကြုံခဲ့ရတဲ့ရေ ဘေးပြီးရင် အခုတစ်ကြိမ်ပြန်ပြီး ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရတယ်”လို့ ရွှေညောင်မြို့ခံတစ်ဦးက ပြောပါတယ်။

၂၀၂၄ မိုးရာသီက တောင်တရုတ်ပင်လယ်ဘက်ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီးဝင်ရောက်လာတဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ ဘေးပြီးကြုံခဲ့ပြီး ရှမ်းပြည်နယ်မှာလည်း ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်။ လက်တလောမှာ ရေဘေးက ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တွေမှာ အဆိုးရွားဆုံးဖြစ်နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

“အရင်ရက်က ရွာတဲ့ မိုးကမနေ့က ရပ်ပြီး ဒီနေ့ ပြန်ရွာနေတယ်။ ရေကပြန်မကျသေးဘူး။ လမ်းတွေလည်း ရေကျော်နေတယ်”လို့ လွိုင်လင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာလည်း ဒီမောဆိုးမြို့နယ်အပါအဝင် မြို့နယ်အချို့ မိုးများပြီး ‌စစ်ဘေးရှောင်စခန်းတွေပါ ရေဘေးကြုံနေတယ်လို့ သတင်းရရှိပါတယ်။

“ပွန်းချောင်းရေမြင့်တက်တာ။ ချောင်းဘေးကစစ်ရှောင်တွေ အရမ်းဒုက္ခရောက်တယ်။ မိုးက ရှိနေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်းနဲ့ ဧရာဝတီမှာလည်း နိုဝင်ဘာ ၆ရက်နဲ့ ၇ရက်‌ကစပြီး နေရာကွက် မိုးကြီးခဲ့ပါတယ်။ စပါးခင်းတွေနဲ့ တောင်ယာစိုက်ခင်းအများအပြားပျက်စီးလို့ ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

“စပါးရော၊ ပဲပါ ပျက်စီးကုန်တာ။ မိုးတွင်းတုန်းကလိုရွာတာလေ။ ဘာမှဆက်လုပ်လို့မရဘူး။ ဘာအကူအညီမှာလဲမရပါဘူး”လို့ ဧရာဝတီတိုင်း လေးမျက်နှာမြို့က လယ်သမားတစ်ဦးက ပြောပါတယ်။

လေးမျက်နှာမြို့နယ်အပြင် ဧရာဝတီတိုင်းက မြို့နယ်အများအပြားမှာ နိုဝင်ဘာလ ၁၁ရက်ညနေကအထိ မိုးရွာခဲ့ပါတယ်။ မိုးကြောင့် နွေစပါးစိုက်ခင်းတွေနဲ့ ပဲစိုက်ခင်းတွေ ပျက်စီးတယ်လို့ သိရပါတယ်။ ပဲခူတိုင်းမှာလည်း နွေစပါးစိုက်ခင်းတွေနဲ့ ပဲစိုက်ခင်းတွေအပြင် တောင်ယာစိုက်ခင်းတွေပါ ပျက်စီးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ယခုရက်ပိုင်းမှာ အရှေ့ဘက်မှလာတဲ့ လေပွေလှိုင်းအရှိန် နဲ့ လေအေးတွေကြောင့် ရန်ကုန်တိုင်း၊ စစ်ကိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာနေတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ