Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်မှာ မူးယစ်ဆေးတားဆီးနှိမ်နင်းရေး အထူးစီမံချက်စတင်မယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတွေ ကြေညာ

ကရင်နီပြည်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစီမံချက်စတင်မယ်လို့ (IEC)နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးတွဲညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

(ကရင်နီပြည် နယ်မြေလုံခြုံရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအတွက် ကရင်နီပြည် ရဲတပ်ဖွဲ့နဲ့ KNDF တို့က ရှောင်တခင် စစ်ဆေးနေစဉ်။ ဓာတ်ပုံ - KNDF)

နို၀င်ဘာ-၁၃၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစီမံချက်စတင်မယ်လို့ (IEC)နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးတွဲညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

ကရင်နီပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု့၊ သယ်ဆောင်မှု၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ မူးယစ်ဆေးဝါးကုန်ကြမ်း ထုတ်လုပ်မှုတွေ မြင့်တက်လာတာက ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတရပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူ့ကျန်းမာရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးတဲ့ လုပ်ငန်းစီမံချက်တွေကို ချမှတ်ဆောင်ရွက်ဖို့ လိုအပ်တဲ့အပြင် မူးယစ်ဆေးဝါးဆိုင်ရာ ထုတ်လုပ်ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ သုံးစွဲမှု တွေကို ထိရောက်စွာ တားဆီးကာကွယ်လျှော့ချဖို့၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို

Public Service Announcement

Public Service Announcement

လျော့ချဖို့ ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမယ်လို့ အသိပေးပါတယ်။

လက်ရှိတော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ စတင်ဆောင်ရွက်ခဲ့တဲ့ အလျောက် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူလူထုထံ ယုံကြည်မှုနဲ့ စိတ်ကျေနပ်မှု ရတဲ့အထိ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ဖို့ တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ရမယ်လို့လည်း စီမံချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကာကွယ်ရေးဌာန၊ ကရင်နီ တပ်ပေါင်းစုစစ်ဦးစီးအဖွဲ့ နဲ့ ကရင်နီပြည်ရဲဌာနတို့က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ တားဆီးကာကွယ် ထိန်းချုပ်နိုင်ဖို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအစီအမံဆိုင်ရာ ညွှန်ကြားချက်ကို ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“မူးယစ်ဆေးပြား(WY)တွေ ပိုပေါလာတယ်။နောက် ဆက်တွဲ ခိုးတာ၊လုတာတွေပါရှိလာတာပေါ့။ဒီးမော့ဆို ဘက်ခြမ်းက သိသာတယ်။ထိန်းဖို့က အမှန်တကယ်လိုနေတာ”လို့ ကရင်နီဒေသခံတစ်ဦးက ပြောပါတယ်။

အခု ၂၀၂၆ ပထမခြောက်လပတ် ကရင်နီပြည်ရဲဌာနရဲ့ အမှုစာရင်းမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အမှုက ၂၇ ခုနဲ့ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။

ကရင်နီပြည်အတွင်း မူးယစ်ဆေးဝါးတွေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းနဲ့ နယ်စပ်၊ နယ်နိမိတ်အသီးသီးက သက်ဆိုင်ရာ ရဲဌာန၊ အုပ်ချုပ်ရေးအဖွဲ့၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေ (Joint Check Points) နဲ့ စစ်ဆေးတာ၊ ရှောင်တခင်စစ်ဆေးတာ၊ အသေးစိတ် စစ်ဆေးတာတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ စက်ရုံ၊စခန်း၊နေရာတွေကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးတာ၊ ဆက်စပ် သက်သေခံပစ္စည်းတွေ သိမ်းဆည်းတာနဲ့ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ ထိရောက်စွာဆောင်ရွက်မယ်လို့ အသိပေးပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချတာ၊ ဝယ်ယူတာ၊ လွှဲပြောင်းပေးတာစတဲ့ ပါဝင်ပတ်သက်တွေကို အဖွဲ့အစည်း၊ ရာထူးနဲ့ အဆင့်အတန်းမခွဲခြားဘဲ ကရင်နီပြည်ကြားကာလ မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒ၊ ရှိရင်းစွဲဥပဒေများ နဲ့ ထုတ်ပြန်ထားတဲ့ ညွှန် ကြားချက်တွေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သတိပေးပါတယ်။

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်ဖွဲ့ဝင်၊ ဌာနဆိုင်ရာဝန်ထမ်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုတို့မှာ ကိုယ်တိုင်ပါဝင်တာမှ အကာအကွယ်ပေး ထောက်ပံ့ကူညီတာ စတဲ့ ပါဝင်ပတ်သက်မှုတစ်စုံတစ်ရာ စိစစ်တွေ့ရှိရင် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း‌တွေနဲ့ အညီ တပ်ဖွဲ့ ဒါမှမဟုတ် ဌာနမှ ထုတ်ပယ်တာအပါအဝင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြည်သူလူထုအနေနဲ့ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ နှိမ်နင်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်၊ မသင်္ကာစရာလှုပ်ရှားမှုတွေကို နီးစပ်ရာ ရဲစခန်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေထံ လျှို့ဝှက်စွာ သတင်းပေးပို့ဖို့လည်း တိုက်တွန်းထားပါတယ်။

သတင်းပေးပို့သူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လုံခြုံရေးကို လျှို့ဝှက်ထိန်းသိမ်းပေးမှာဖြစ်ပြီး အထောက်အထားပြည့်စုံတဲ့ သတင်းပေးပို့မှုတွေ အပေါ် သင့်လျော်တဲ့ အသိအမှတ်ပြုနဲ့ ဂုဏ်ပြုမှုတွေကို လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအစီအမံဆိုင်ရာ ညွှန်ကြားချက်က ကရင်နီပြည်တစ်ခုလုံးကို လွှမ်းခြုံသက်ရောက်မှာဖြစ်ပြီး လိုအပ်ချက်အရနဲ့ အခြေအနေတွေ အပေါ် မူတည်ပြီးဒေသအလိုက် အထူးအစီအမံတွေနဲ့ပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook