နိုဝင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၉) ဖွဲ့စည်းမှုကို KNU မြိတ်ထားဝယ်ခရိုင်က နိုဝင်ဘာ ၂၇ရက်မှာ စတင်အသိပေးခဲ့ပါတယ်။
KTLA တပ်ဖွဲ့ဝင် ၂၄ဦး မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၉) အတွင်း အလင်းဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်ကို မြိတ်ထားဝယ်ခရိုင်က နိုဝင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ခဲ့တာဟာ တပ်မဟာ(၉)ဖွဲ့စည်းထားမှုကို ပထမဆုံးစတင်အသိပေးတာဖြစ်တယ်လို့ မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
တပ်မဟာအသစ် အဖြစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ KNLA တပ်မဟာ(၉)မှာ တပ်ရင်း ၄ရင်း ပါဝင်တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ KNLA တပ်ရင်း(၁၂)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၂၇)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈) တို့ ပူးပေါင်းပြီး တပ်မဟာ (၉)ကို ဖွဲ့စည်းလိုက်တာလို့ ပြောပါတယ်။

Public Service Announcement
“ တပ်မဟာ(၄)က ၂ရင်း၊ တပ်မဟာ(၆)က ၂ရင်း” လို့ သတင်းရင်းမြစ်က တပ်မဟာအသစ် ဖွဲ့စည်းရာမှာ ယခင်ရှိပြီး တပ်မဟာ နှစ်ခုကနေ တပ်ရင်းတွေထုတ်နှုတ်ဖွဲ့စည်းခဲ့မှုကို ရှင်းပြပါတယ်။ KNU မြိတ်ထားဝယ်ခရိုင်မှာ အရင်က တပ်မဟာ(၄) တခုသာရှိရာ အခု တပ်မဟာ နှစ်ခု ရှိလာပြီဖြစ်ပါတယ်။ တပ်မဟာ(၆)ကတော့ KNU ဒူးပလာယာခရိုင်က ဖြစ်ပါတယ်။
လက်ရှိ တပ်မဟာ(၉)ရဲ့ တပ်မဟာမှူးအဖြစ် ယခင် KNLA တပ်မဟာ(၆) ရဲ့ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောရန်နိုင်က တာဝန်ယူခဲ့တာဖြစ်ပြီး တပ်မဟာ(၉)ရဲ့ ဗျူဟာမှူးတာဝန်ကိုတော့ KNLA တပ်ရင်း(၂၇)ရဲ့ တပ်ရင်းမှူး ဖြစ်သူ ဒုဗိုလ်မှူးကြီးစောမူးဂေက တာဝန်ယူခဲ့တာဖြစ်ပါတယ်။
“လုပ်သင့်လုပ်ထိုက်တဲ့ အရာ လုပ်တာပါ” လို့ ဗျူဟာမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက တပ်မဟာ(၉) ဖွဲ့စည်းမှုအပေါ် ပြောကြားပါတယ်။
KNU မြိတ်ထားဝယ်ခရိုင်မှာ အရင်က ခရိုင်နဲ့ တပ်မဟာ ၇ခုရှိရာ လက်ရှိမှာ ခရိုင် ၇ခု ၊ တပ်မဟာ ၈ခုအထိ ရှိလာပြီဖြစ်ပါတယ်။ တပ်မဟာ(၈)ကိုတော့ ဖွဲ့စည်းထားခြင်းမရှိသေးပေမဲ့ အုပ်ချုပ်နယ်မြေပိုကျယ်ပြန့်လာတဲ့ အခြေအနေ နောက်ပိုင်းမှာ ခရိုင်နဲ့ တပ်မဟာ အသစ်တွေထပ်မံတိုးချဲ့ဖွဲ့စည်းဖို့ ရှိတယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။


























































