နိုဝင်ဘာ ၂၈၊ ၂၀၂၆။ ရဲခေါင်၊ထားမြတ်/People’s Spring
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပြီး လတ်တလောမှာ စစ်တပ်ရဲ့ လေယာဉ်ပျံဝဲတာ၊ ဒရုန်းတွေလွှတ်တာကြောင့် သေဆုံးသူတွေရဲ့ နာရေး မလုပ်နိုင်သလို ဒဏ်ရာရသူတွေလည်း ဆေးကုသမှု ခံယူဖို့ အခက်အခဲ ဖြစ်နေတယ်လို့ အသိပေးပါတယ်။
နိုဝင်ဘာ ၂၆ရက်က အင်ရုံကျေးရွာမှာ ကထိန်ပွဲနဲ့ ကျောင်းအားကစားပွဲ လုပ်နေချိန် စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းနေရာတွေကို ဗုံးကြဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်ပြီးနောက် လက်နက်ကြီးနဲ့ တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ဆက်လုပ်လို့ အလောင်းကောက်ဖို့ ဆေးကုသဖို့တောင် အခက်အခဲတွေ ဖြစ်ရပြီး ဒေသခံတွေ တိမ်းရှောင်ကြရတာလည်းရှိတယ်လို့ ပြောပါတယ်။

Public Service Announcement
” (နာရေး)ဘယ်လုပ်ရဲမလဲ။ လူမရှိဘူး။ လူမရှိဘူးဆိုတာက မနေ့က ညနေကလည်း ဂျက်ဖိုက်တာ ချတော့ မချပါဘူး ဝဲသေးတယ်။ တခါတလေကျရင် ဒရုန်းခေါ်မလားမသိဘူးပါဘူး အဲဒါလေးတွေကလည်း လာဝဲတယ်။ သူတို့က ခြောက်တာပေါ့။ …။ မနေ့ကကျတော့ အမြင်မတော်တဲ့သူတွေက မောင်ဖြူမောင်မဲရယ်တော့ မသိဘူးအကုန်လုံးကောက်တင်ပြီး တွင်းကြီးတတွင်းထဲ မြုပ်ရတယ်။ ဘုန်းကြီးလည်းမပါဘူး(ဘာသာရေးအရ ဘုန်းတော်ကြီးတွေမပါဘဲ မြေမြှုပ်ရတာ )။ ဘုန်းကြီးလည်းမရှိဘူး။ ဘုန်းကြီးကျောင်းဗုံးကျတာဆိုတော့။ ကိုရင်လေးတပါးကလည်း ပျံတော်မူသွားသေးတယ်။ အဲဒီလို” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဗုံကြဲမှုကြောင့် သေဆုံးသူ ၃၀ ဦးကျော် နိုင်ပြီး ဒဏ်ရာရသူများတယ်လို့လည်း ပြောပါတယ်။
“တချို့ကျတော့ မိသား သုံးလေးယောက်ရှိတာ တယောက်တလေပဲ ကျန်ခဲ့တယ်။ အဲဒါ စိတ်ကြောင်ပြီး ဟိုအော်ဒီအော်နဲ့။ စိတ်တွေက လေလွင့်နေတာ။ တချို့ကျလည်း နားတွေအူ နားတွေလေး။ မနေ့က ၁၇လောင်း။ အရင်ကလည်း တခါချပြီးပြီ အဲဒါက ဘယ်လောက်လဲ မသိဘူး။ ၃၀ ဆိုတာ နည်းနည်းလေး လေးငါးခြောက်ဆယ်လောက်သေဆုံးမှာ။ နာရေးမလုပ်နိုင်ဘူး ဒီအတိုင်းမြေမြှုပ်ပေးနေရတာ။ မြန်မြန်ချ မြန်မြန်လစ်ပေါ့။ ချပေးတဲ့သူတွေ သူတို့လည်း ကြောက်ရတယ်လေ” လို့ ဒေသခံက ပြောပါတယ်။
အခြားဒေသခံ သတင်းရင်းမြစ်ကလည်း ရုပ်အလောင်းတွေ ကောက်ယူဖို့ အခက်အခဲဖြစ်ရသလို လောလောဆယ်မှာက စစ်တပ်က ကယ်ဆယ်ရေးသမားတွေ ဆေးကုသခွင့်တွေမရအောင် အကုန်ပိတ်ဆို့ထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သေဆုံးသူ အရေအတွက်ဟာ ၇၀ ဦးကျော်လောက်ရှိနိုင်ကြောင်းလည်း သူက ခန့်မှန်းပါတယ်။
အဲဒီဒေသဟာ ဘယ်သူမှ ထိန်းချုပ်ထားတာမဟုတ်ဘဲ တော်လှန်ရေးရဲဘော်တွေ တခါတရံဖြတ်သွားဖြတ်လာရှိတဲ့ ဒေသမျိုးသာဖြစ်တယ်လို့လည်း ဒေသခံက ပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ အင်ရုံရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ကလေးငယ်တွေအပါအဝင် ၂၀ဦးခန့် သေဆုံးခဲ့ရပြီး ကလေးငယ် ၁၄ဦး အပါအဝင် ၂၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သတင်း အသိပေးထားပါတယ်။ မြေပြင်အခြေအနေ မတည်ငြိမ်မှုတွေကြောင့် သေဆုံးထခိုက်ဒဏ်ရာရ ဦးရေ အပြောင်းအလဲရှိနိုင်ကြောင်းလည်း သူက ပြောပါတယ်။
“မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ဟာ လူမျိုး၊ ဘာသာ အစုအဖွဲ့ မခွဲခြားဘဲ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထု တရပ်လုံးကို ရန်သူလို သဘောထားပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတာဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။


























































