ဇူလိုင်/People’s Spring
ယနေ့ကျရောက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မွေးနေ့တွင် စစ်ကောင်စီငိုချင်းချနေရသည်။
ရမခကို ၁၉၇၂ခုနှစ် ၊ ဇူလိုင်လ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ ယနေ့(ဇူလိုင်လ ၂၇ရက်)သည် ရမခ အသက် ၅၂ နှစ် တင်းတင်းပြည့်သည့်နေ့ဖြစ်သည်။ ရမခ၏အလံက အနီရောင်တောက်တောက်နောက်ခံတွင် အဝါရင့်ရင့်အဝိုင်းဖြင့် အချွန်အတက်များ ထွက်နေသည်။ စစ်တပ်က သူတို့ကိုယ်သူတို့အမွှန်းတင်ကာ ရမခကို နေဝန်းနီဟု အမည်ပြောင်ပေးထားသည်။ စစ်တပ်ကို ရွံရှာသည့် ဟာဒယဉာဏ်ရှင် ပြည်သူလူထုက ကြက်ဥကြော်ဟု သရော်သည်။ ကြက်ဥကြော်နှင့် ပိုတူပါသည်။

Public Service Announcement

ကြက်ဥကြော်တဖြစ်လည်း နေဝန်းနီ၏ ၅၂ နှစ် မြောက်မွေးနေ့ကို ယခင်နှစ်များကကဲ့သို့ စစ်ကောင်စီက ကျင်းပခွင့်မရှိတော့ပါ။ ကျင်းပရန်နေရာလည်းမရှိတော့ပါ။ ရှင်းရှင်းလင်းလင်းပြောရလျှင် ရမခသည် စစ်ကောင်စီလက်ထဲ၌ မရှိတော့ပါ။ ရမခ ကျသွားပြီဖြစ်၏ ။ ကိုးကန့်တပ်မတော်(MNDAA)က သိမ်းပိုက်လိုက်သောကြောင့်ဖြစ်သည်။
လားရှိုးမြို့သိမ်းတိုက်ပွဲကို ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း နှင့်အတူ ဇူလိုင်လ ၃ရက်တွင် MNDAAက စတင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကပင် စစ်ကောင်စီအား သွေးပျက်စေခဲ့သည့် MNDAAက စစ်ကောင်စီစခန်းများကို တစ်ခုပြီးတစ်ခုသိမ်းယူသည်။ တိုက်ပွဲကာလအတွင်း ဒုဗိုလ်မှူးကြီးတစ်ဦးခေါင်းဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးရာကျော် MNDAA ထံ လက်နက်ချခဲ့သေးသည်။ MNDAA ကတိုက်နေရင်းကပင် နှစ်ကြိမ်အပစ်ရပ်သည်ဟုကြေညာခဲ့သေးသည်။
ရမခ မကျရေး အသည်းအသန်ခုခံနေရသည့် စစ်ကောင်စီက တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်အား ဇူလိုင်လ ၁၈ ရက်တွင်ရာထူးမှ ဖယ်ရှားလိုက်သည်။ စစ်ခေါင်းဆောင်၏ ထီးတော်မိုးအောက်ဆွဲဟု တပ်တွင်းလူသိများသည့် မူဆယ်အခြေစိုက် တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်အား ရမခ တိုင်းမှူးအဖြစ် ခန့်အပ်လိုက်သည်။ သို့သော် အသစ်စက်စက်တိုင်းမှူးသည် ရမခသို့ ရောက်မလာဘဲ မူဆယ်တွင်ပင်သောင်တင်နေသည်။
လားရှိုးသို့ရောက်ရန် ပြည်ထောင်စုလမ်းမအတိုင်း မူဆယ်-ကွတ်ခိုင်-သိန္နီတို့ကို ဖြတ်ရသည်။ ထိုလမ်းကြောကို စစ်ကောင်စီဘက်မှ ခွေးတစ်ကောင်ကြောင်းတမြီးမှ ခြေချ၍မရပါ။ ခြေမချရဲကြပါ။ ဟတ်စကီးနှင့်လာပါက မိနစ်ပိုင်းသာကြာပါသည်။ သို့သော် ဗိုလ်မှူးချုပ် စိုးလှိုင်တယောက် လားရှိုးသို့ရောက်မလာခဲ့ပါ။ မလာရဲ၍ အချိန်ဆွဲခြင်းဟု တပ်အသိုင်းကဝိုင်းက ဆိုသည်။ ထိုအခါ MNDAA ၏ လားရှိုးမြို့သိမ်းစစ်ဆင်ရေးကိုစစ်ကောင်စီက ရမခဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်က ဦးဆောင်ခုခံ စေသည်။
ဗိုလ်မှူးချုပ်တင်ထွန်းအောင်လည်း သေသလိုလို၊ ထွက်ပြေးသလိုလို သတင်းများထွက်နေသည်။ စစ်ကောင်စီအားတော်လှန်နေသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဗိုလ်မှူးချုပ်တင်ထွန်းအောင် တိုက်ပွဲအတွင်းသေဆုံးပြီဟု ဆိုထားသည်။ ထိုသတင်းအကျယ်တဝင့်ထွက်နေသော်လည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံများက ထွက်ရှင်းနိုင်ခြင်းမရှိပေ။
ထိုအခြေအနေများတွင် လားရှိုးစစ်မြေပြင်မှ စစ်ကောင်စီတပ်များသည် ပင်လယ်ကမ်းစပ်က သဲပုံကဲ့သို့ ရေထိတာနှင့်ပြိုကျလေတော့သည်။စစ်တပ်အလိုကျ နေဝင်းနီကို ပြည်သူ့အလိုကျ ကြက်ဥကြော်အဖြစ် MNDAAက ရက်ပိုင်းအတွင်း ပုံစံပြောင်းပစ်လိုက်သည်။အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ပြီဟု MNDAAက ်ိုနေ့ နံနက် ၁၀နာရီ ၂၁ မိနစ်၌ တရားဝင်သတင်းထုတ်ပြန်သည်။
“လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MND AAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေးတော်လှန်ရေး လှုပ်ရှား မှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်”ဟု ထုတ်ပြန်ခဲ့သည်။ လားရှိုးမြို့သည် လုံးဝ လွတ်မြောက်သွားပြီ ဖြစ်ပြီး မြို့အုပ်ချုပ်ရေးယန္တရားများကို ထိန်းချုပ်ကိုင်တွယ်နေပြီဟုလည်း ကြေညာခဲ့သည်။

ထိုသတင်းကြောင့် စစ်ကောင်စီ ငါးရံ့ပြာလူးသလို ဆတ်ဆတ်ခါသွားသည်။ သတင်းမှားဖြစ်ကြောင်း ရုပ်ပျက်ဆင်းပျက်ချက်ချင်းထငြင်းသည်။ဒီတခါထငြင်းသူက ဇော်မဲလုံးဟု လူထုက အမည်ပြောင်ပေးထားသည့် စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမဟုတ်ပါ။ စစ်ယူနီဖောင်းဝတ် နောက်ထပ် မျက်နှာသစ်တစ်ဦးဖြစ်သည့် ဗိုလ်မှူး ဇော်မင်း ဖြစ်သည်။ သူကလည်း ရမခမကျသေးကြောင်း မျက်နှာငယ်ဖြင့်ပြောသွားသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဇူလိုင်လ ၂၆ရက်ညနေတွင်မှ ပွဲထွက်လာသည်။
သူ့ထုံးစံအတိုင်း မင်္ဂလာပါအစချီပြီးငြင်းသည်။ MNDAA ၊ TNLA နှင့် PDF တို့သည် လက်နက်အားကိုး အနိုင်ယူနေသည့် ဓားပြအဖွဲ့ဟု စရိုက်ဆန်ဆန် ဆိုသည်။ မတရားကျူးကျော်စစ်ဟုသုံးနှုန်းကာ လူမျိုးရေးအမုန်းတရားဖြင့်လှုံ့ဆော်သည်။
ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်ကသာ အကာအကွယ်ပေးနိုင်မည်ဖြစ်၍ တပ်မတော်ကို ထောက်ခံအားပေးရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက မျက်နှာပြောင်တိုက်ပြောသွားသေးသည်။ ထိုသို့ပြောနေချိန်၌ မျက်နှာကစူပုပ်နေသည်။ မျက်လုံးက ဂဏှာငြိမ်မနေဘဲ တခုခုကို စိတ်ဆိုး စိတ်ကောက်နေပုံရသည်။
စစ်ကောင်စီသည် နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများအအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ရေ ၂၅၀ခန့်နှင့် လူပေါင်း ၂၅၀၀ ထက်မနည်း သတ်ဖြတ်ထားသည်။ နိုင်ငံတဝန်းနေအိမ် ၉၅၀၀၀ ကျော်ကို မီးရှို့ဖျက်စီးထားသည်ဟု သုတေသနအဖွဲ့ဖြစ်သည် Data For Myanmar က ဇူလိုင်လ ၂၄ရက်က ထုတ်ပြန်ထားသည်။ ထိုအခြေအနေများက တိုင်းသိ၊ပြည်သိ၊ ကမ္ဘာသိဖြစ်သည်။

အာဏာသိမ်းကာလ ၄ နှစ်နီးပါးကြာလာသည်အထိ စစ်ကောင်စီကို ဘယ်နိုင်ငံကမှ အဖက်မလုပ်ခြင်း၊မကြာသေးခင်ကမှ သူ့ကိုယ်သူ ယာယီသမ္မတတင်မြောက်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင်အား မည်သည့်နိုင်ငံကမှ လူရာမသွင်းခြင်းများက အဖြေဖြစ်သည်။ သို့သော် စစ်တပ်ကို ပြည်သူလူထုကထောက်ခံနေသယောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားသည်။
မြန်မာနိုင်ငံရှိနေသရွေ့ စစ်တပ်ရှိနေမည်ဟုလည်း ဆိုသွားသေးသည်။အရှက်မရှိမျက်နှာပြောင်တိုက်နေခြင်းဟု လားရှိုးမြို့မှ ထွက်ခွာခဲ့သည့် စစ်ဘေးရှောင်တဦးက မှတ်ချက်ပြုသည်။
ရမခ တိုင်းစစ်ဌာနချုပ်သည် စစ်တိုင်းဒေသကြီး ၁၄ခုရှိသည့်အနက်အစဉ်အလာကြီးမားသော စစ်တိုင်းကြီးဖြစ် ကြောင်း၊ ပြည်ပကူမင်တန်ကျူးကျော်စစ်နှင့် ဗကပကျူး ကျော်စစ်ကို ရိုက်ချိုးခဲ့ကြောင်း၊ စစ်ဘုရင်နှင့် ဘိန်းဘုရင်များ၏ ဖိနှိပ်မှု အောက်မှ လွတ်မြောက်ရေးစွမ်းဆောင်ပေးခဲ့သော စစ်တိုင်းကြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကစာရွက်ကြည့်ပြီး ပြောသွားသည်။ ၎င်း၏ အဆိုပါကြွားလုံးသည် နေဝန်းနီအလံပရိုဖိုင်တင်ထားသည့် စစ်တပ်အရာရှိတစ်ဦး၏ လုပ်ပေါက်ကြောင့် အရှက်ရစရာဖြစ်ရပြန်သည်။
စစ်ရေးအထိနာနေသည်ကို ငြီးတွားနေသည့် ယင်းအရာရှိက ” သွားရင်းလာရင်း စားရင်း သောက်ရင်းနဲ့ ခဏခဏ မျက်ရည်ကျမိတယ် အစ်မရယ် ။ သူများတွေကတော့ အရူးထင်မှာပဲ” ဟု စစ်တပ်အသိုင်း အဝိုင်းကြား လူမှုကွန်ရက်၌ ရင်ဖွင့်ထားသည်။
နေဝန်းနီမဟုတ်၊ ကြက်ဥကြော်ဟု လူမှုကွန်ရက်သုံးစွဲသူအချို့က လှောင်ပြောင်ကြပြန်သည်။
ရမခ နှစ်ပတ်လည်နေ့ဖြစ်သည့် ဇူလိုင် ၂၇ ရက်အတွက် အရှက်ရမည်ကို စစ်ကောင်စီက မရမကလိုက်လံဖုံးဖိနေသော်လည်း ဆေးမမှီတော့ဟု ရှမ်းမြောက်စစ်ရေးလေ့လာသူတဦးက ဆိုသည်။
” ရမခရဲ့ ၅၂ နှစ်ပြည့်က မွေးနေ့မဟုတ်ဘူး။ သေနေ့ဖြစ်သွားပါပြီ။ ၅၃ ဆိုတာ မရှိနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။ ထိုသူသည် စစ်ကောင်စီနှင့်လည်း နီးစပ်သူဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း ထွက်ပြောပြီး နာရီပိုင်းအကြာတွင်တော့ ရမခ နှင့် လက်အောက်ရှိတပ်စခန်းများကို MNDAA ကသိမ်းယူပြီး MNDAA တပ်ဖွဲ့ဝင်များရိုက်ကူးထားသောဓါတ်ပုံများကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ဖော်ပြသသည်။ ရမခ ၅၂နှစ်ပြည့်ရန် မိနစ်ပိုင်းအလို ဇူလိုင် ၂၆ ရက် ညသန်းခေါင် ည ၁၁ နာရီကျော်တွင်ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။ စစ်ကောင်စီငိုချင်းချအောင် မွေးနေ့လက်ဆောင်အဖြစ် ပြသခြင်းလည်း ဖြစ်နိုင်သည်။
ဓါတ်ပုံများတွင် ရမခ လက်အောက်ရှိစစ်တပ်စခန်းများ ၊ ပြည်သူ့ဆေးရုံ ၊မြို့တော်ခန်းမ ၊မီးသတ်ရုံး၊မူးယစ်ရုံးစသော နေရာများတွင် MNDAA တပ်ဖွဲ့ဝင်များက ပျော်ပျော်ကြီး အောင်ပွဲခံနေကြသည်။ နေဝန်းနီအလံနေရာများ၌ MNDAAအလံက တလူလူလွင့်နေသည်။ ရမခ၏ မွေးနေ့နှစ်ပတ်လည်အကြောင်း စစ်ကောင်စီခေါင်းဆောင်ပိုင်းရော နောက်လိုက်များပါ ဂုဏ်မဆာနိုင်တော့ပါ။ မွေးနေ့လက်ဆောင်အဖြစ် နေပြည်တော်သို့ ကြက်ဥကြော်ပေးပို့လိုက်ရန် ဟာသဉာဏ်ရွှင်သည့် PDFလူငယ်အချို့က MNDAAကို တောင်းဆို အရွှန်းဖောက်နေကြသည်။
၂၀၁၅ ခုနှစ်တွင် စစ်အုပ်စုက တိုင်းတပါး၏ ကျူးကျော်မှုဟု ပြည်သူကို ဝါဒဖြန့်က ကိုးကန့်ဒေသတွင် ထိုးစစ်ဆင်ပြီး MNDAA ကိုအနိုင်ရခဲ့ဖူးသည်။ ထိုစဥ်က နေဝန်းနီ ရမခ သည် ဇာတ်လိုက် ကျော်ဖြစ်ခဲ့သည်။ နွေဦးတော်လှန်ရေးတွင် ပြည်သူများ နိုင်ငံရေးအသိအမြင် ပွင့်လင်းပြီး အထူးသဖြင့် တိုင်းရင်းသားများအပေါ်ပိုမိုစာနာ နာလည်လာသလို ၊ တော်လှန်ရေးအင်အားစု အများစုက ဘုံရန်သူ စစ်တပ်ကို စုပေါင်း တွန်းလှန်တိုက်ခိုက်ချိန်တွင် MNDAA သည် ၂၀၁၅ ခုနှစ်က ရမခ အပေါ်တင်ရှိသော အကြွေးကို အကောင်းဆုံးပြန်ဆပ်လိုက်ခြင်းလည်းဖြစ်သည်။MNDAA က နေဝန်းနီ ကို ကြက်ဥကြော်လုပ်စားလိုက်ပြီဖြစ်သည်။ စစ်အုပ်စုအတွက် သမိုင်းတွင်ပထမဆုံးအကြိမ် တိုင်းစစ်ဌာနချုပ်တစ်ခုကိုပင် ဆုံးရှုံးရခြင်းဖြစ်၍ ရှုံးချက်နာသည်။
ဇူလိုင် ၂၇ မနက်တွင်တော့ စစ်အုပ်စုသည် ရမခနှင့် လားရှိုး ကျသည် ကို ပြိုင်မငြင်းနိုင်တော့ဘဲ လက်ခံသွားပြီဟု စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ရမခတိုင်းစစ်ဌာနချုပ်လက်လွှတ်လိုက်ရပြီနောက်ယာယီသမ္မတနှင့်နောက်လိုက်တသိုက်သည် ကြက်ဥကြော်ကိုမြင်တိုင်း ရွဲကုန်သည် လူမိုက်လို ဂယောင်ချောက်ခြားဖြစ်နေနိုင်ပါသည်။ ။


















































