Connect with us

Hi, what are you looking for?

အတွေးအမြင်

သီချင်းတစ်ပုဒ်က ပေးတဲ့ဒဏ်ရာ

ခပ်မြူးမြူးသီချင်းတစ်ပုဒ်၊ အားကစားလေ့ကျင်နေတဲ့ ရုပ်သံတစ်ခုက စာဖတ်သူရဲ့ နှလုံးသားကို ဆွဲညှစ်လိုက်သလို ခံစားရဖူးပါသလား။ စာဖတ်သူ အဲဒီသီချင်းကို ကောင်းကောင်းသိပါတယ်။

ဝဇီရာ/People’s Spring

ခပ်မြူးမြူးသီချင်းတစ်ပုဒ်၊ အားကစားလေ့ကျင်နေတဲ့ ရုပ်သံတစ်ခုက စာဖတ်သူရဲ့ နှလုံးသားကို ဆွဲညှစ်လိုက်သလို ခံစားရဖူးပါသလား။ စာဖတ်သူ အဲဒီသီချင်းကို ကောင်းကောင်းသိပါတယ်။

ကျနော်တို့တွေရဲ့ ဘဝကိုယ်စီအတွက် ကြီးမားတဲ့ပြောင်းလဲမှုကြီး စတင်ကြုံရမယ်နေ့၊ လွန်ခဲ့တဲ့ ၅ နှစ်တိတိ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ နေပြည်တော်က ကာယဆရာမ အေရိုးဗစ်ကနေတဲ့ ဗွီဒီယိုပါ။ သူကနေတဲ့ သီချင်းနာမည်က Ampun Bang Jago ပါတဲ့။

အဲဒီသီချင်းကို အင်ဒိုနီးရှားနိုင်ငံသား Tian Storm နဲ့ Everslkr တို့ က သီဆိုထားပါတယ်။ အရှေ့တောင်အာရှမှာပါတော်တော်လေးလူကြိုက်များခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ Ampun Bang Jago” ဆိုတဲ့ စကားစုဟာ အင်ဒိုနီးရှားဘာသာစကားနဲ့ “ ဆရာကြီးရေ… အရှုံးပေးပါတယ်” (သို့မဟုတ်) “ ဆရာကြီးရယ်… လျှော့ပေးပါဦး” ဆိုတဲ့ သရော်စာဆန်ဆန် အဓိပ္ပာယ်မျိုး ရပါသတဲ့။ ဆိုလိုတာက အသိအမှတ်ပြုပြီး ဆရာကြီးလို့ ခေါ်တာမဟုတ်ဘဲ “ ငါက ဆရာကြီးပဲ၊ ငါပြောတာ အမှန်ပဲ” လို့ ဇွတ်အတင်း အာဏာပြတတ်တဲ့သူတွေကို လူငယ်တွေက ပေါ့ပေါ့ပါးပါးနဲ့ ပြန်လည်လှောင်ပြောင်ထားတာဖြစ်ပါတယ်။

အာဏာသိမ်းလိုက်တဲ့နေ့မှာပဲ အဲဒီ မြူးကြွတဲ့ အင်ဒိုနီးနားသီချင်းနဲ့အတူ နေပြည်တော်က ကာယဆရာမတစ်ယောက်ဟာ နေပြည်တော်လွှတ်တော်အနီးက ပတ်လမ်းတစ်ခုမှာ အေရိုးဗစ် လေ့ကျင့်ခန်းလုပ်ပြရင်း ဗွီဒီယိုရိုက်ကူးခဲ့တာပါ။

အဲဒီသီချင်းသံနဲ့အတူ အေရိုးဗစ်ကနေတဲ့ ဆရာမရဲ့နောက်မှာတော့ မြန်မာစစ်တပ်ရဲ့ သံချပ်ကာကားတွေဟာ လွှတ်တော်ဆီကို ဦးတည်ပြီး မောင်းနှင်သွားနေတာကို ဗွီဒီယိုထဲမှာ အထင်အရှား မြင်တွေ့ရပါတယ်။ ဒါဟာ ရုပ်ရှင်ဇာတ်ကားတစ်ကားလိုသာဆိုရင် အဖွင့်ဇာတ်ဝင်ခန်းတစ်ခုပါ။

နောက်ထပ်ဇာတ်ဝင်ခန်းတွေကတော့ ပြည်သူတွေ ရွေးကောက်တင်မြှောက်မှသာ ဝင်လို့ရမယ့်လွှတ်တော်ထဲ စစ်ဖိနပ်တွေ အများကြီး ခြေချလာကြတယ်။ မန္တလေးလိုမြို့ကြီးမှာလည်း သံချပ်ကာကားတွေ မြို့လှည့်နေကြတယ်။ တီဗွီကရုပ်သံလိုင်းတွေမှာ စစ်တပ်သီချင်းတွေချည့် လွှင့်နေကြတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားခဲ့တယ်။

မြို့တွေက အုပ်ချုပ်ရေးရုံးတွေထဲ စစ်ကားတွေဝင်လာကြတယ်။ သံဆူးကြိုးအတားအဆီးတွေနဲ့ ကာလိုက်ကြတယ်။ နိုင်ငံရေးသမားတွေနေတဲ့ တိုက်ခန်းတွေ၊ နေအိမ်တွေရှေ့မှာ စစ်ကားတွေ ရပ်လာကြပြီ။ တိုက်ခန်းတွေပေါ် ၊အိမ်တွေပေါ် စစ်ဖိနပ်တွေ တဝုန်းဝုန်းတက်လာကြပြီ။​

အေရိုးဗစ် ကသလို ဘဝ​တွေဟာ ဟန်မကျလှပါဘူး ။ပြည်သူ​ပေါင်း​ထောင်​​သောင်းချီ​သေဆုံး ၊သိန်းနဲ့ချီ​နေတဲ့​နေအိမ်​တွေ မီးရှို့ဖျက်ဆီးခံရ ၊ပြည်သူသန်း​ပေါင်းမျာစွာထွက်​ပြေး၊ ပြည်သူသန်း​ပေါင်းများစွာ ငတ်မွတ်မှုကြုံကြရ ၊မ​ကောင်းမှုအားလုံးမှာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နိုင်ငံအဖြစ်ငါးနှစ်အတွင်းအသွင်​ပြောင်းသွားပါတယ်။ လက်သည် တရားခံက​တော့ မလုပ်ရဲတာဘာမှမရှိဆိုပြီး ဘယ်သွားသွားလုံခြုံ​ရေးအထပ်ထပ်ချပြီးမှ သွားရဲတဲ့ အာဏာလု​ခေါင်း​​ဆောင်မင်း​အောင်လှိုင်နဲ့​နောက်လိုက်​တွေပါပဲ ။

အဲဒီသီချင်းသံနဲ့အတူ ကျနော်တို့ဘဝတွေ ဖရိုဖရဲ ဖြစ်ဖို့နေ့ရက်တွေ စတင်ရောက်ရှိခဲ့တာမို့ ကျနော်တော့ မေ့လို့မရခဲ့ပါဘူး။ ဒီသီချင်းကို အခုနားထောင်မိတော့လည်း လွန်ခဲ့တဲ့ ၅ နှစ်က ခံစားမှုတွေ ပြန်ရတယ်။ ရင်တွေတုန်လာတယ်။ မောလာတယ်။လုပ်ရက်လိုက်တာဆိုတဲ့ခံစားမှုတွေ၊ နာကျင်မှု တွေ…

“ မြန်မာပြည်ကြီး ​ဇောက်ထိုးမိုးမျှော်ဖြစ်သွားတဲ့နေ့။ ဘယ်တော့မှမမေ့ဘူး။ တမင်တကာဖြစ်ဖြစ် တိုက်ဆိုင်မှုပဲဖြစ်ဖြစ် ဒီပုံမြင်ရင်တော့ အသည်းထဲ တဆက်ဆက်နာရတာ မေ့ဖျောက်မရနိုင်ဘူး” လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ