ယောနသံ/People’s Spring
နိုင်ငံတော်ရဲ့အာဏာအမြင့်ဆုံး သမ္မတကို နေပြည်တော်က စစ်တပ်လွှတ်တော်က ယခုလေးတင် ရွေးချယ်လိုက်ပါတယ်။ဒါပေမယ့်ဘယ်ပြည်သူကမှ စိတ်မဝင်စားပါဘူး။ မလုပ်ရဲတာဘာမှမရှိဘူးဆိုပြီးတော့ အာဏာသိမ်းပြီး လူသောင်းချီသတ်ခဲ့တဲ့ ရာဇဝတ်ကောင်တစ်ကောင် သမ္မတဖြစ်လာတာက နိုင်ငံတောင်လာဘ်တိတ်တယ်လို့ ရန်ကုန်မြို့မှာ စက်သုံးဆီတန်းစီနေရတဲ့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက်ပိုင်း ၅နှစ်ကျော်အတွင်း အရပ်သား ထောင်သောင်းချီသတ်ဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ် စစ်တပ်လွှတ်တော်က ဒီနေ့ (ဧပြီလ ၃ရက်)နေ့ နေ့ခင်းပိုင်းမှာ တင်မြှောက်လိုက်တာပါ။
ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းကြီးဟာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်ပြီဆိုတဲ့ သတင်းကြားကြားချင်းပဲ “ သမ္မတတဲ့လား။ ထွီ ” ဆိုပြီး ပြောလည်းပြောရင်း တံတွေးပါထွေးပစ်လိုက်တာပါ။ ဒါကနိုင်ငံတော်ရဲ့အဓိပတိနေရာကို ရွေးချယ်တဲ့နေ့မှာ အခြေခံလူတန်းစားဘဝထဲက ပြည်သူတွေရဲ့တုံ့ပြန်မှုများစွာထဲက တစ်ခုပါ။

Public Service Announcement
ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်ဈေးထဲက ဈေးသည်တစ်ဦးကတော့ “ သတင်းကြားရတာ သေချင်စော်တောင်နံတယ်” လို့အသံကျယ်ကျယ်ပြောပါတယ်။ ဒီဈေးတစ်ဈေးလုံးမှာ ရှိသူတွေဟာ တခြားဒေသကပြည်သူတွေလိုပဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရွံရှာမုန်းတီးသူတွေချည်းမို့လို့ အခုလိုအာဘောင်အာရင်းသန်သန်၊ ယုံကြည်ချက်ရှိရှိပြောရဲတာလို့ ဆိုပါတယ်။
“ အနူလက်နဲ့ရွှေခွက်ကိုနှိုက်တာ” လို့သူကဆက်ပြောပါတယ်။
ဒီအခြေအနေတွေအတွက် မေးခွန်းတစ်ခုရှိလာပါတယ်။ တွက်ချက်ဖြေဆိုစရာ မလိုပါဘူး။ ပြီးခဲ့တဲ့၅နှစ်အတွင်း ပြည်သူတွေကိုယ်တိုင် မျက်မြင်တွေ့ရှိ၊ရင်ဆိုင်ခဲ့ရတဲ့ သွေးစွန်းသော နေ့စွဲတွေအကြောင်း ပြန်စဉ်းစားလိုက်တာနဲ့ အဖြေက အော်တိုထွက်လာပါလိမ့်မယ်။
သမ္မတရူးရူးတဲ့စစ်ခေါင်းဆောင်က ၂၀၂၀ရွေးကောက်ပွဲအောင် NLDပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို လက်နက်အားကိုးနဲ့ဖမ်းဆီးပြီး ၂၀၂၁ဖေဖော်ဝါရီလ၁ရက်နေ့မှာအာဏာသိမ်းပါတယ်။ မသိမ်းခင်ရက်ပိုင်းအလိုမှာ တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ လူထုကို ခြိမ်းခြောက်ခဲ့ပါတယ်။ ၂၀၁၆-၂၀၂၀ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မောင်းနှင်မှုနဲ့ ဒီမိုကရေစီအရသာကိုစားသုံးခွင့်ရခဲ့တဲ့လူထုက ” သိမ်းချင်ရင် အမှိုက်သိမ်း” ဆိုပြီး သတ္တိရှိရှိလှောင်ပြောင်ခဲ့တယ်။သမိုင်းတစ်လျှောက်အလှောင်ပြောင်ခံရဆုံးစစ်ခေါင်းဆောင်အဖြစ် ရှက်ရမ်းရမ်းလာပြီး သူမလုပ်ရဲတာဘာမှမရှိဘူးဆိုပြီး ထုတ်ပြောလာတဲ့အထိ နိုင်ငံရေးပြိုင်ဖက်တွေနဲ့ ပြည်သူလူထုအပေါ် ရန်လိုခဲ့ပါတယ်။
အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာပဲ သူ့ကိုတော်လှန်ဆန့်ကျင်တဲ့ လူထုထဲက အသက် ၁၉နှစ်အရွယ်မြသွဲ့သွဲ့ခိုင်ဆိုတဲ့ မိန်းကလေးငယ်ကို သူ့အမိန့်နဲ့ ပစ်သတ်ခဲ့ပါတယ်။ လူငယ်ထုက သတ္တိရှိရှိ ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးထဲက ပထမဆုံးသွေးမြေကျမှုကို ကျူးလွန်ပြီးတဲ့နောက်ပိုင်း ရပ်တန့်မရတော့အောင် မိုက်လုံးဆက်ကြီးခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲပြီး ကလေးငယ်တွေကို သတ်ဖြတ်ခဲ့တယ်။
ကန့်ဘလူမြို့နယ်က ပဇီကြီးရွာကို ဗုံးကြဲပြီး လူ ၁၈၀နီးပါးကို မိနစ်ပိုင်းအတွင်းသတ်ဖြတ်ခဲ့တယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ ကချင်၊ကရင်၊ချင်း၊ ရခိုင်ပြည်နယ်တွေမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်။ ရုပ်အလောင်းကိုခေါင်းဖြတ်ပြီး ခြံစည်းရိုးတိုင်မှာ စိုက်ပစ်ခဲ့တဲ့အထိ သူဦးဆောင်တဲ့စစ်တပ်က မိုက်ရူးရဲဆန်ခဲ့တယ်။
သမ္မတနေရာကိုမယူခင် တစ်လခန့်အတွင်းမှာပဲ လူ ၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြန်ပါတယ်။မြင်သာတဲ့ အဲ့ဒီအကြမ်းဖက်သတ်ဖြတ်မှုတွေကို ဒီမှာ ကြည့်ပါ။မတ်လ ၁ ရက်နေ့မှာ မင်းတုန်းမြို့နယ်က အများပြည်သူ စုဝေးရာနေရာကုန်ကားစခန်းကိုဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တယ်။အရပ်သား၂၀ကျော် သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်။ မတ်လ မတ်လ ၅ ရက်မနက်မှာ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကြောင်းတွေဝင်စီးနင်းပြီးဒေသခံ (၃၀) ဝန်းကျင်ကို သတ်ဖြတ်ခဲ့တယ်။မတ်လ ၈ ရက်နေ့မှာအမ်းမြို့နယ်က အကျဉ်းစခန်းကို ဗုံးကြဲပြီး စစ်သုံ့ပန်း ၁၁၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
မတ်လ ၂၀ရက်မှာ ကသာမြို့နယ်က ဘုန်းကြီးကျောင်းကို ဗုံးကြဲပြီး သံဃာတော်အချို့အပါအဝင် ၈၀ခန့်ကို သတ်ဖြတ်ခဲ့ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ သူကြီး ရွယ်အိုတွေနဲ့ အမျိုးသမီးတွေ၊ သံဃာတော်တွေလည်းပါဝင်ပါတယ်။ သမ္မတထိုင်ခုံပေါ် ဒီနေ့ ခွမတက်ခင် မတ်လ ၃၀ရက်နေ့ကပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်၊ ငပယင်းရွာဆေးခန်းကို ဗုံးကြဲလို့ အရပ်သား ၇ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီထဲမှာ မိခင်ဝမ်းကနေ မွေးဖွားခါစ နီတာရဲကလေးငယ်တစ်ဦး ပါပါတယ်။
ဒါတွေက အကြမ်းဖက်သတ်ဖြတ်မှုတွေသာဖြစ်ပြီး သူ အာဏာလုထားတဲ့ ၅နှစ်အတွင်း နိုင်ငံစီးပွားရေးရေးက ဒလိမ့်ခေါက်ကွေး ကျသွားပါတယ်။ ဆန်ကြမ်းတစ်ပြည် ငါးထောင်၊ ကြက်ဦးတစ်လုံး ငါးရာ၊ ဆီတစ်လီတာ ငါးထောင်နီးပါးနဲ့ လူထုဟာ အငတ်ဘေးဆိုက်တော့မယ့် ကမ်းပါးစွန်းမှာ ရပ်နေကြရပါပြီ။ သူ့ကိုကာကွယ်ဖို့စစ်မှုထမ်းဥပဒေကို ထုတ်သုံးပြီး သိန်းချီတဲ့လူငယ်တွေကို စစ်မြေပြင်ဆီ ပို့ခဲ့ပါတယ်။ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေကို ငှက်ပျောသီးအခွံနွှာသလိုလွယ်လွယ်လေးကျူးလွန်နေပါတယ်။ ကိုဗစ်ကပ်ရောဂါ၊ မိုးခါမုန်တိုင်းဘေး၊ စစ်ကိုင်းငလျင်ဘေးတွေကိုအကြောင်းပြပြီး ပြည်သူတွေကို ဆင်းရဲတွင်း နက်သထက်နက်စေခဲ့ပါတယ်။
အခုတော့ သူရှင်ဆိုရှင်သေ ဆိုသေတိုက်ပုံဝတ်၊ ခေါင်းပေါင်းပေါင်း ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတဲ့ စစ်တပ်လွှတ်တော်က တစ်ဆင့် ဒီနေ့မှာတော့ နိုင်ငံတော်ရဲ့၁၁ဦးမြောက်သမ္မတဘွဲ့ခံ လိုက်ပါပြီ။ နေပြည်တော်မှာသူပွဲခံနေစဉ်မှာပဲ ဖားကန့်မြို့ကို ဗုံးကြဲနေပါတယ်။စစ်တပ်ရဲ့အဓိပတိတပ်ချုပ်အနေနဲ့ သူ့ကိုယ်သူရာထူပေးပြီး ငါးနှစ်ကြာ လူသတ်ပွဲကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတထိုင်ခုံပေါ်ခွတက်လာတဲ့ ဒီနေ့ကစပြီး ပြည်သူလူထုအပေါ် ဘယ်လိုအကြမ်းဖက်သတ်ဖြတ်မလဲဆိုတာ နိုင်ငံရေးပိတ်ကားပေါ် ဆက်လက်မြင်တွေ့ရတော့မှာပါ။
နေပူပူထဲ ဆီတန်းစီနေရတဲ့ ရန်ကုန်မြို့က တက္ကစီရင်မောင်းကြီးကတော့ “ အဲ့ဒီကောင် လာဘ်တိတ်တဲ့ သမ္မတ” လို့ ဒေါသတကြီးပြောရင်း တစ်ဦးတည်း ခပ်တိုးတိုးကျိန်ဆဲနေပါတယ်။ ။





















































