ပန်း/People’s Spring
“ အားလုံးကို အသိပေးအပ်ပါတယ်။ ဆရာဦးဝင်းမြင့် မိသားစုထံကို ပြန်လည်ရောက်ရှိလာပါပြီ”
လူထုက ရွေးကောက်တင်မြောက်ထားတဲ့ မြန်မာနိုင်ငံရဲ့တစ်ဦးတည်းသော တရားဝင်သမ္မတဦးဝင်းမြင့် မတရားဖမ်းဆီးခံထားရတာကနေ ပြန်လည်လွတ်မြောက်လာပြီး နာရီအနည်းငယ်အကြာမှာ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း လှုပ်ခတ်သွားစေတဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်ရဲ့ မိတ်ဆွေ စာရေးဆရာထင်လင်းဦးက အထက်ပါစာကိုရေးတင်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ မိသားစုဝင်တွေနဲ့အတူရှိနေတဲ့ သမ္မတရဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့က အာဏာသိမ်းပြီးပြီးချင်း သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ရက်ပေါင်း ၁၉၀၂ ရက်(ငါးနှစ်ကျော်)အကြာမှာ ပထမဆုံးအကြိမ်မိသားစုနဲ့ပြန်မြင်ခွင့်ရတာဖြစ်ပါတယ်။

Public Service Announcement
လည်ကတုံးအင်္ကျီအဖြူနဲ့ သမ္မတဦးဝင်းမြင့်ဟာ သူ့နဂိုရ်ဟန်ပန်အတိုင်း ဆံပင်ကိုသေသေသပ်သပ်ဖီးထားပါတယ်။ တိကျပြတ်သားတဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့မျက်လုံးတွေဟာ တောက်ပနေဆဲဖြစ်ပါတယ်။ နိုင်ငံရေးခံယူချက်တည်ကြည်ပြတ်သားမှု၊ မတရားမှုကိုဖီဆန်ပြီး အာဏာရှင်ကိုအန်တုခဲ့တာတွေကြောင့် လူထုကလေးစားချစ်ခင်ခဲ့တဲ့သမ္မတဟာ အကျဉ်းစံ ၅နှစ်ကျော်ကာလအတွင်းမှာတောင် ခိုင်ကြည်တဲ့စိတ်ဓာတ်နဲ့သူ့တန်ဖိုး မယိမ်းယိုင်ခဲ့ဘဲ လူထုရှေ့ကို ပြန်ရောက်လာခဲ့တာပါ။
စစ်တပ်က ၅ နှစ်ကျော် ထောင်သွင်းအကျဥ်းချပြီး ဦးချိုးဖို့ကြိုးစားခဲ့ပေမယ့် ပြည်သူ့သမ္မတဟာ စစ်အုပ်စုက သူ့ကို ပြစ်မှုကျူးလွန်ရင် အရင်ပစ်မှုတွေနဲ့ ပေါင်းပြီးကျခံရမယ်ဆိုတဲ့ ခြေခြုပ်ဖြစ်တဲ့ ပုဒ်မ ၄၀၁ ကိုလက်မှတ်မထိုးခဲ့ပါဘူး ။စစ်အာဏာရှင်တွေကိုဘယ်တော့မှ ဦးမညွှတ်ဘူးဆိုတာကို သမ္မတကြီးကထပ်သက်သေပြခဲ့ပါတယ်။သမ္မတ ဦးဝင်းမြင့်က ပုဒ်မ ၄၀၁ ကို လက်မှတ်မထိုးဘဲ စစ်အုပ်စုက ၄၀၁ အရ လွှတ်ပေးကြောင်းသာ ဖတ်ကြားခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဒါကြောင့်ဒီအချိန်မှာ မြန်မာပြည်သူလူထုက ကုလနဲ့ နိုင်ငံတကာအစိုးရတွေကို မျက်နှာချင်းဆိုင်ပြီး ပြတ်ပြတ်သားသားမေးလိုတဲ့မေးခွန်းတစ်ခုရှိလာပါပြီ။
နိုင်ငံရေးပြိုင်ဘက်တွေနဲ့ ပြည်သူလူထုကို လက်
နက်တွေ ၊ဓားမိုးမိုးခြိမ်းခြောက်ပြီး သမ္မတထိုင်ခုံပေါ်တက်ထိုင်နေတဲ့ သမ္မတအတု အာဏာသိမ်းခေါင်းဆောင် နဲ့ လူထုကရွေးကောက်တင်မြှောက်ထားတဲ့တရားဝင်သမ္မတဦးဝင်းမြင့်တို့နှစ်ဦးအနက် ဘယ်သူနဲ့ စကားပြောမလဲဆိုတာပါ။
“ သမ္မတနှစ်ယောက်မဟုတ်ဘူး။ မြန်မာပြည်ရဲ့သမ္မတဟာ ဦးဝင်းမြင့်ပဲ။ ကျွန်တော်တို့သမ္မတကြီးအခု ကျနော်တို့ပြန်ရပြီ။ ကုလ နဲ့ နိုင်ငံတကာ မျက်
စိဖွင့်ထားလိုက်ပါ။ လုပ်သင့်တာလုပ်ပါ” လို့ ရန်ကုန်၊ တာမွေမြို့မှာနေထိုင်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်ခေါင်းဆောင်အမိန့်နဲ့၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့ဖမ်းဆီးပြီးနောက်ပိုင်း မတရားတဲ့အမှုတွေဆင်ပြီး ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ ချမှတ်ထားတာပါ။
လူထုခေါင်းဆောင်တွေကို အကျဉ်းထောင်ထဲမှာဖမ်းဆီးထားတဲ့ငါးနှစ်အတွင်း အာဏာသိမ်းခေါင်းဆောင်ကသူ့ကိုသူ နိုင်ငံတော်အဆင့်ရာထူးတွေ အမျိုးမျိုးပေးပြီး အုပ်ချုပ်နေခဲ့ပါတယ်။ဒါပေမယ့်နိုင်ငံတကာက လက်မခံတဲ့အခါ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ.စစ်တပ်စိတ်တိုင်းကျအတုအယောင်ရွေး
ကောက်ပွဲလုပ်ခဲ့ပါတယ်။စစ်တပ်စိတ်တိုင်းကျ နေရာထားတဲ့လွှတ်တော်ကနေတဆင့် သမ္မတရာထူးယူခဲ့ပြီး နိုင်ငံတကာကိုလှည့်စားခဲ့ပါတယ်။
တပ်ချုပ်ရာထူးလည်း လက်မလွှတ်ရဲ၊ သမ္မတရာထူးလည်း ယူချင်တဲ့စစ်ခေါင်းဆောင်ဟာ သူ့ကိုယ်သူဘာဖြစ် နေမှန်းတောင် မသိတဲ့ အနေ
အထားကို သမ္မတအဖြစ်ကျမ်းကျိန်တဲ့နေက မြင်တွေ့ခဲ့ရပါတယ်။ သူ့ကိုယ်သူသမ္မတကြီးအဖြစ်အဟုတ်မှတ်ပြီး ခေါင်းပေါင်းနဲ့ စလွယ်လွယ်တဲ့စစ်ခေါင်းဆောင်က သမ္မတပုလ္လင်တော်ရှေ့မှာ စစ်
တပ်ထဲကအတိုင်း အလေးပြုနေတာပါ။
သူ့ရဲ့ကလေးကလားနိုင်ငံရေးကစားကွက်ကို တရုတ်၊ရုရှား၊ဘီလာရုဇ် နဲ့အာဏာရှင်အချို့ကပဲအသိအမှတ်ပြုပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကလက်မခံခဲ့ဘဲ ဖယ်ကျဉ်ထားဆဲဖြစ်ပါတယ်။ အာဆီယံကတောင် သူ့ကိုလူရာမသွင်းသေးပါဘူး။ စစ်ခေါင်းဆောင်ကနိုင်ငံတော်သမ္မတအဖြစ် တစ်ဖက်သတ်ပွံခံပြီးတဲ့နောက်ပိုင်းကမ္ဘာ့ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေမှာလည်းသမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းဆုကြည်ကိုသာ နိုင်ငံ့ခေါင်းဆောင်အဖြစ်အသိအမှတ်ပြုထားပါတယ်။
အခုတော့ စစ်အုပ်စုက မတရားဖမ်းဆီး ပြန်ပေးဆွဲထားသူတွေကို ပြန်လွှတ်ပြပြီး နိုင်ငံရေးဇာတ်ခုံပေါ် တစ်နေရာစာရလိုရငြားကြိုးပမ်းနေပါတယ်။ဒီနေ့က မြန်မာနှစ်သစ်ကူးနေ့ဆိုပြီးနိုင်ငံရေးအကျဥ်းသားအနည်းငယ်အပါအဝင် အကျဉ်းသား ၄၀၀၀ ကျော်ကို လွတ်ငြိမ်းပြခဲ့ပါတယ်။
ဒီနေ့ပြန်လည်လွတ်မြောက်လာတဲ့သမ္မတဦးဝင်းမြင့်ဟာ လူထုကရွေးကောက်တင်မြောက်ထားတဲ့သမ္မတဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာလည်း သမ္မတအဖြစ်တင်မြှောက်ခံထားရဆဲဖြစ်ပါတယ်။ လူထုကလည်း အာဏာခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတအဖြစ်လက်ခံမထားဘဲ သမ္မတရူးအနေနဲ့သာ လှောင်ပြောင်နေတာဖြစ်ပါတယ်။
ကုလသမဂ္ဂ (United Nations – UN) ဆိုတာ ကမ္ဘာ့နိုင်ငံတွေအကြား ငြိမ်းချမ်းရေးကို အဓိက ဆောင်ရွက်ရတဲ့ အကြီးဆုံးသော ကမ္ဘာ့အဆင့် အဖွဲ့အစည်း ဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူတစ်သောင်းကျော်ကိုသတ်ဖြတ်ပြီး နိုင်ငံရဲ့သမ္မတကိုတောင် ဖမ်းဆီးခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ သူအာဏာရဖို့အတွက် ဘာမဆိုလုပ်ရဲတယ်လို့ ကြွေးကြော်ပြီး အကြမ်းဖက်နေတဲ့ လူ့ဘီလူးတစ်ကောင်ဖြစ်ပါတယ်။
အာဏာသိမ်း ၅နှစ်အတွင်း သူကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေဟာ တော်လှန်ရေးအင်အားစုတွေဆီမှာ မှတ်တမ်းမှတ်ရာတွေအများအပြားနဲ့ ရှိနေပါတယ်။ ဒီလိုစစ်ရာဇဝတ်သားက လက်နက်အားကိုးနဲ့ ဥပဒေမဲ့ ထိန်းချုပ်မှုအောက်မှာနေရတဲ့ ပြည်သူတွေဟာ ကုလရဲ့ “ စိုးရိမ်တယ်” ဆိုတဲ့ ထုတ်ပြန်ချက်တွေကို အယုံအကြည်မရှိတော့ပါဘူး။ လိုအပ်တဲ့အရေးယူမှုတွေ မျှော်လင့်နေကြပါပြီ။နိုင်ငံတကာအနေနဲ့လည်း မြန်မာနိုင်ငံသားတွေရဲ့ သွေးစွန်းနေ့ရက်တွေကို လက်ပိုက်ကြည့်မနေဖို့ တော်လှန်ရေးအင်အားစုတွေကအဆက်မပြတ်တောင်းဆိုနေတာပါ။
ဧပြီ ၁၇ ရက်နေ့မှာတော့ နိုင်ငံတော်ရဲ့တရားဝင်သမ္မတဦးဝင်းမြင့်နဲ့ သမ္မတအတု အာဏာသိမွးခေါင်းဆောင်မင်းအောင်လှိုင်တို့က သတင်းစကားတစ်ခွန်းဆီ ထုတ်ပြောခဲ့ပါတယ်။
သမ္မတဦးဝင်းမြင့်က သူ့အနေနဲ့ တိုင်းပြည်နှင့်လူမျိုးအတွက် ဆက်လက်ဆောင်ရွက်ဖို့ အင်အားအပြည့်ရှိတယ်လို့ သတင်းစကားပါးတာပါ။ သူကိုယ်တိုင်က အဆင်ခြင်မဲ့ပြီး ပြည်သူတွေကြားမှာရောနိုင်ငံတကာဆင်မြင့်ပေါ်မှာပါ ပွဲမတိုးတဲ့ စစ်ခေါင်းဆောင်ကတော့ ပညာရည်နိမ့်ပါးသူတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းဖို့ ခက်ခဲတယ်လို့ ပြောသွားပြန်ပါတယ်။
သမ္မတဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာချင်းမှာပဲ ဆရာထင်လင်းဦးက လူထုကို အသိပေးခဲ့တဲ့ ပုံစံအတိုင်း နိဂုံးချုပ်လိုပါတယ်။
“ ကုလနဲ့ နိုင်ငံတကာကို အသိပေးအပ်ပါတယ်။ ဆရာဦးဝင်းမြင့် မိသားစုထံကို ပြန်လည်ရောက်ရှိလာပါပြီ။ သမ္မတအစစ်နဲ့ ဂုဏ်သိက္ခာရှိရှိ စကား
ပြောမလား၊ သမ္မတအတုနဲ့ စကားပြောပြီး နိုင်ငံရေးအောက်တန်းဆင်းမလား။မြန်မာလူထုထံအကြောင်းပြန်ပါ” ။ ။
(ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့် နဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် )



















































