Connect with us

Hi, what are you looking for?

အတွေးအမြင်

မွေးနေ့ရှင် သက်ရှိထင်ရှားတည်ရှိပါစေ

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

-ငြိမ်းရေးသားသည်။

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

ဇွန်လရဲ့ မွေးနေ့ရှင်လို့ပြောလိုက်ရင် ဘယ်သူဆိုတာ စာဖတ်သူမိတ်ဆွေ မမှားမယွင်းခန့်မှန်းနိုင်မယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒီစာက လူထုခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ပတ်သက်ပြီးရေးတဲ့စာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမအသက် (၂)နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။နိုင်ငံရေးအရ မသမာသူလူတစ်စုရဲ့ လုပ်ကြံခြင်းကိုခံရပြီး ဆုံးပါးသွားခဲ့ရတာပါ။ အဲဒီကနေ သူမဟာ မိခင်ဖြစ်သူနဲ့သာ ဘဝကိုဖြတ်သန်းရင်း အရွယ်မရောက်သေးခင်မှာပဲ တိုင်းတစ်ပါးမှာ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

သူမအသက်(၄၃)နှစ်အရွယ်ရောက်မှသာ မြန်မာနိုင်ငံကို ပြန်လာဖို့ကြုံပါတယ်။ မိခင်ဖြစ်သူနာမကျန်းဖြစ်နေတာကြောင့် အနီးကပ်ပြုစုဖို့ လာရောက်ခဲ့တာပါ။

အဲဒီအချိန်ဟာ သူ့မိခင်ရဲ့ နောက်ဆုံးနေ့ရက်တွေဖြစ်သလို စစ်အာဏာရှင်စနစ်ဆိုးအောက်က တိုင်းပြည်ရဲ့ ကျန်းမာရေးဟာလည်း တော်တော့်ကိုဆိုးရွားနေတဲ့အခြေအနေဖြစ်ပါတယ်။ အောက်ဆီဂျင် ၂၄ နာရီပေးထားရတဲ့ အနေအထားမျိုးပေါ့။ ဒီလိုနဲ့ မိခင်ရဲ့ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ရင်း တိုင်းပြည်ရဲ့ ကျန်းမာရေးကိုပါ တစ်ဖက်တစ်လှမ်းက ပါဝင်ကုစားဖို့ အကြောင်းဖန်လာပါတယ်။

ဖခင်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးတာဝန်တွေကို တာဝန်သိသိနဲ့ပုခုံးပြောင်းထမ်းရင်း ဒီနိုင်ငံမှာသူမခရီးရှည်ခဲ့ရပါတော့တယ်။ ဖခင်က နယ်ချဲ့တွေကို တော်လှန်သူဖြစ်ခဲ့ပြီး သမီးဖြစ်သူကတော့ စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်သူဖြစ်လာပါတယ်။ သာမန်စစ်အာဏာရှင်မျိုးကို တော်လှန်ရတာမျိုး မဟုတ်ဘဲ လက်နက်အားကိုးနဲ့ မိုက်ချင်တိုင်းမိုက်၊ ရိုင်းချင်တိုင်းရိုင်းနေတဲ့ လူယုတ်၊ လူညံ့တွေကို တော်လှန်ရတာပါ။

ဒီအတွက်တော့သူမဘက်က ပေးဆပ်ရမှုတွေ ကြီးခဲ့ပါတယ်။ခင်ပွန်းဖြစ်သူ နဲ့ ရှင်ကွဲရော၊ သေကွဲပါ ကွဲခဲ့ရပြီး သားနှစ်ဦးနဲ့လည်း ဒီကနေ့ အထိ ရှင်ကွဲ ကွဲလျက်သာရှိနေပါတယ်။ နောက်ဆုံး သူအလွန်ချစ်လှတဲ့ခွေးလေးတိုက်ချီဒိုနဲ့ပါ ရှင်ကွဲ ကွဲနေကြရတဲ့အထိပါပဲ။

ဒါကြောင့်လည်း ကျွန်တော်က “ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာနိုင်ငံအတွက် ဘုရားသခင်က ပေးသနားနဲ့ လက်ဆောင်မွန်ဖြစ်ပြီး မြန်မာနိုင်ငံဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် နတ်ဆိုးက ဒဏ်ခတ်လိုက်တဲ့ ကျိန်စာပဲဖြစ်တယ်”လို့ သမုတ်ထားပါတယ်။

၁၉၈၈ခုနှစ်ကစခဲ့တဲ့ သူမရဲ့ ဒီတော်လှန်ရေးခရီးဟာ အခု ၂၀၂၆ ခုနှစ်ထိဆိုရင် (၃၈)နှစ်တာ ကာလထဲရောက်လာခဲ့ပါပြီ။ အဲဒီတော်လှန်ခရီး (၃၈)နှစ်တာကာလကို လည်ပြန်ကြည့်လိုက်ရင်လည်း နှစ်ပေါင်း(၂၀)ဟာ စစ်အာဏာရှင် တို့ရဲ့ အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်ချုပ်နှောင်ခံရတဲ့ကာလဖြစ်နေပါတယ်။ ဒါသည်ပင်လျှင် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ အရှိန်အဝါကို ပခုံးမှာ အပွင့်အခတ်တွေအစီအရီနဲ့ လက်နက်ကိုင်ယောကျ်ားသားကြီးများဒူးတုန်အောင်ကြောက်ခဲ့ရခြင်းဆိုတဲ့ သမိုင်းဝင်မှတ်တမ်းများပဲဖြစ်ပါတယ်။

အဲဒီမှတ်တမ်းတွေကို (၃၈)နှစ်တာကာလအတွင်း စစ်အာဏာရှင်အဆက်ဆက် လက်ဆင့်ကမ်းမှတ်တမ်းတင် လာခဲ့လိုက်တာ ဒီကနေ့အထိ မပြီးဆုံးသေးဘူးလို့ ဆိုရပါလိမ့်မယ်။

၂၀၂၁အာဏာရှင်မင်းအောင်လှိုင်လက်ထက်မှာတော့ ပိုသာတဲ့ သမိုင်းဆိုးမှတ်တမ်းတွေကို ရေးထိုးထားပါ သေးတယ်။ သူ့အရှေ့က စီနီယာဗိုလ်သန်းရွှေ လက်ထပ်မှာ တုန်းက သူမကို ဖမ်းဆီးထိန်းသိမ်း၊ နေအိမ်အကျယ် ချုပ် သာထားခဲ့ရာကလက်လွှဲတပည့်မင်းအောင်လှိုင် လက်ထက်မှာတော့ ဆရာ့ထက်တပည့်လက်စောင်းထက် ဆိုသလို လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်ကို ထောင်သွင်းအကျဉ်းချထားရုံသာမက ဘယ်နေရာမှာ ချုပ်နှောင် ထားသလဲ၊ အသက်ရောရှင်သန်ရှိနေသေးရဲ့လား ဆိုတာအထိပါ သိခွင့်မရအောင် သတင်းအမှောင်ပါချထားခြင်းပါ ခံရပါတယ်။

အာဏာရှင်ချင်းအတူတူတွင်းဆုံးနက်တဲ့ အာဏာရှင်လို့ကင်ပွန်းတပ်ရမှာပါပဲ။နိုင်ငံ့ဘဏ္ဍာနဲ့ နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်တွေကို မောင်ပိုင်စီး ဂုတ်သွေးစုပ်၊ စားပိုးနင့်အောင် ဝါးမျိုနေသူတို့က သူမကို အဂတိလိုက်စားတယ်ဆိုတဲ့ပုဒ်မနဲ့ အရေးယူသတဲ့။သူမဆိုတာ မိမိရသင့်ရထိုက်တဲ့ ရပိုင်ခွင့်နဲ့ လစာငွေကိုတောင် နိုင်ငံသားတို့မျက်နှာငဲ့ပြီး မယူဝံ့၊ မစားရက်ခဲ့သူတစ်ယောက်ပါ။ ဒီလိုလူမျိုးကိုမှ အဂတိလိုက်စားတယ်လို့ခေါင်းစဉ်တပ် စွပ်စွဲဖမ်းဆီး မတရားသဖြင့်ထောင်ချထားကြတာကတော့ ရယ်စရာအကောင်းဆုံးပြက်လုံးတစ်ခုပါပဲ။

ရှိသေးတယ်။ ကြိုတင်မဲ အိတ်လိုက်တွေ ခွေးတိုးပေါက်က ခိုးသွင်းခဲ့သူတွေက သူမကို မဲမသမာမှုပြုတယ်လို့ စွပ်စွဲလာပြန်တာပါပဲ။ ဒါတင်အားမရသေး မဟုတ်မမှန်လီဆယ်ထားတဲ့ အဲဒီမဲမသမာမှုဆိုတာကြီးကို နိုင်ငံတကာ အလယ်ချပြရင်း အသံကောင်းဟစ်နေပြန်ပါသေးတယ်။ ဒါဟာ ကမ္ဘာ့အလယ် မျက်နှာပြောင်တိုက်မှုအကြီးစားကြီးကို ကျူးလွန်လိုက်တာပါပဲ။ အောချရပါတယ်။

လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်က အလကားရလာတာမဟုတ်သလို ကိုယ့်လည်ပင်းမှာ ကိုယ့်လက်နှစ်ဖက်နဲ့ ကိုယ်တိုင် ပြန်စွပ်ပေးထားတဲ့ ဆုတံဆိပ်လည်း မဟုတ်နေပါဘူး။ ကိုယ့်ဖဲကိုယ်ချိုး ကိုယ့်ဖာသာပြန်ဆုချထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေလည်း မဟုတ်ပါဘူး။ထိုက်တန်လို့ပေးထားတဲ့လူထုရဲ့ ဆုလာဘ်ပါ။ ဒါတွေပြောနေရတာက အာဏာငန်းဖမ်းနေသူတွေ သတိလေးကပ်ပြီး ရှက်တတ်ကြစေဖို့ပါ။

အခုတော့ လူထုခေါင်းဆောင်ရဲ့ မွေးနေ့တစ်နှစ်ပြန်လည်လာခဲ့ပါပြီ။ဟိုတစ်ချိန်တုန်းကတော့ ဒီလိုမွေးနေ့ ရောက်တိုင်း မွေးနေ့ကိတ်အကြီးကြီးကိုခွဲရင်း မွေးနေ့ကိုကျင်းပတဲ့ မွေးနေ့ရှင်ရဲ့ မွေးနေ့ဖြတ် သန်းမှုပုံရိပ်တွေကို ကြည်နူးပီတိဖြစ်စွာ တွေ့မြင်ကြရပါတယ်။ ဒီလိုပဲ သူမကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသူတွေကလည်း သူမအတွက် အမှတ်တရ အစီအစဉ်တွေစီစဉ်ကျင်းပရင်း ပျော်ရွှင်စွာဖြတ်သန်းကြရတဲ့နေ့တစ်နေ့ပါ။ အတိတ်ရဲ့ လွမ်းစရာတွေထဲက တစ်ခုပေါ့။

အခုကာလမှာတော့သူမကိုချစ်ခင်သူတွေ၊ သူမကို လေးစားတန်ဖိုးထားသူတွေဟာ လွမ်းတဲ့စိတ်နဲ့ သူမရဲ့ မွေးနေ့ကို သတိရဖြတ်သန်းကြပါတယ်။ ပန်းသပိတ် (Flower Strike) ကို ဆင်နွှဲရင်း စစ်အာဏာရှင်ကို တော်လှန်ရင်း ဖြတ်သန်းကြပါတယ်။ ဒီနှစ် သူမမွေးနေ့မှာလည်း သူမကို ချစ်ချင်လေးစားတန်ဖိုးထားသူတို့ဟာ သူမအတွက် ဂုဏ်ယူစရာဖြစ်စေမယ့်အစီအရင်၊ အခင်းအကျင်းတွေနဲ့အတူ ဆက်လက်ဖြတ်သန်းရင်း သူမရဲ့ မွေးနေ့ကို ဂုဏ်ပြုကြပါဦးမယ်။

စစ်အာဏာရှင်တွေဟာသူမကို ထောင်သွင်းအကျဉ်းချထားရုံနဲ့ သူမရဲ့အရှိန်အဝါကို ထိန်းချုပ်နိုင်မယ်လို့ တွက်ဆထားခဲ့ကြပါတယ်။ တကယ်တော့သူမရဲ့ ခွန်အား၊ သူမရဲ့ အရှိန်အဝါဟာလူထုဖြစ်ပြီးလူထုရဲ့ ခွန်အား၊ လူထုရဲ့ အရှိန်အဝါဟာလည်း သူမဆိုတာ အဲဒီ့လူတွေ သိမနေခဲ့တာပါပဲ။

ဒါကြောင့်လည်း “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ နိုင်ငံတော်ရဲ့ ကျန်းမာရေး”ဆိုတဲ့ စကားတစ်ရပ် လူထုကြားခေတ်စားခဲ့တာပါ။ တကယ်လည်း ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း အလွန်မှာ နိုင်ငံတော်ရဲ့ အရာရာဖြစ်ခဲ့ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ချစ်ခင်လေးစားတန်ဖိုးထားရာဖြစ်ခဲ့ပါတယ်။နိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ အားကိုးရာဖြစ်ခဲ့ပါတယ်။

ဒီကနေ့အထိလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ဒီကနေ့ မှာကျရောက်တဲ့ မွေးနေ့မှာ မွေးနေ့ရှင်ကို အဲဒီစကားအတိုင်း ဆုမွန်ကောင်း တောင်းပေးချင်ပါတယ်။

နိုင်ငံတော် သက်ရှည်ပါစေ …

နိုင်ငံတော် ကျန်းမာပါစေ …

နိုင်ငံတော် မတရားဖမ်းဆီးချုပ်နှောင်ခံထားရခြင်းဘေးမှ အမြန်လွတ်မြောက်ပါစေ။

ဆုတောင်းက ကျန်ပါသေးတယ်။ ဒီစာအဖွင့်မှာ ထူးခြားတဲ့မွေးနေ့အခါမို့ ဒီစာရေးရတယ်လို့ဆိုခဲ့ပါတယ်။ ပျော်စရာထူးခြားမှုတော့ မဟုတ်ပါဘူး။ သူမရဲ့ အသက် (၈၁)နှစ်ပြည့်မွေးနေ့ကို သတိရလွမ်းဆွတ်ဖြတ်သန်းကြရ မယ့်ကျွန်တော်တို့ဟာ သူမ သက်ရှိထင်ရှားရှိနေသေးရဲ့လားဆိုတာကိုတောင် မသေချာမရေရာဖြစ်နေကြရလို့ပါ။

ဒါကြောင့်လည်း သူမရဲ့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်ကြောင်းသက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းတွေကိုလည်း ဖော်ဆောင်နေကြတဲ့ကာလ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒီနေရာကနေ ထပ်မံဆုတောင်းပေးလိုက်ချင်တဲ့စကားတစ်ခွန်းကတော့ –

မွေးနေ့ရှင်သက်ရှိထင်ရှားတည်ရှိနေပါစေ။ ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။