Connect with us

Hi, what are you looking for?

အတွေးအမြင်

တရုတ်၊ရုရှ၊ အိန္ဒိယနဲ့ အာဆီယံတို့ကြောင့် ခက်ခဲနေတဲ့ မြန်မာ့ဒီမိုကရေစီ ခရီးကြမ်း

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

-Anonym ​ရေးသားသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

၁၉၆၂ ခုနှစ်တွင်စတင်ခဲ့သောတိုက်ရိုက်စစ်အုပ်ချုပ်ရေးမှသည် ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သောစစ်အာဏာသိမ်းမှုများအထိ။မြန်မာပြည်သူတို့သည်ဒီမိုကရေစီဆီသို့ မျှော်လင့်ချက်များဖြင့်ရုန်းကန်လာခဲ့ကြသည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့သော်လည်း ယနေ့အချိန်အထိ ဒီမိုကရေစီစနစ်၏ အရသာကိုအပြည့်အဝ မခံစားရသေးသည့်အပြင် ပြည်သူသောင်းနှင့်ချီ အသက်ဆုံးရှုံးရမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဤအခြေအနေသည်ပြည်သူတို့၏ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် စစ်တပ်၏စွမ်းဆောင်ရည်နှင့်သက်ဆိုင်သည်ဟုဆိုလျှင်လွဲမှားပေလိမ့်မည်။ပြည်သူများညံ့၍လည်းမဟုတ်သလို စစ်တပ်တော်လွန်း၍လည်း မဟုတ်ပါ။

မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းရေးမျှသာမဟုတ်ဘဲပထဝီနိုင်ငံရေး၊ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ပါဝင်ပတ်သက်မှုနှင့်အာဆီယံဒေသတွင်း အာဏာစက်ဝန်းများ၏လှည့်ကွက်များကြားတွင်နစ်မွန်းနေခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခရီးကြမ်း၏ အဓိကအတားအဆီးမှာအိမ်နီးချင်းနိုင်ငံကြီးများ၏ ပထဝီနိုင်ငံရေးအကျိုးစီးပွားဖြစ်သည်။လက်နက်အားကိုးဖြင့် အာဏာလုပြီး ရွေးကောက်ပွဲအတုလုပ် စစ်ယူနီးဖောင်းချွတ် ကာသမ္မတရာထူးယူခဲ့သည့် မင်းအောင်လှိုင်သည် သူ၏ ပထမဆုံး နိုင်ငံခြားခရီးစဥ်ကို အိန္ဒိယနဲ့စတင်ခဲ့ပြီး အိန္ဒိယမှ ပြန်လာပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်သို့ ခရီးဆက်ခဲ့ပါသည်။

မင်းအောင်လှိုင်၏ လက်ထောက် လူယုံဖြစ်သည့် ဒုတိယသမ္မတ ညိုစောသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်ရုရှသို့သွားရောက်ခဲ့သည်။

မြန်မာနိုင်ငံ၏အကြီးဆုံးအိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံသည် အာဏာရှင်စစ်အုပ်ကို ၎င်းတို့၏နယ်စပ်လုံခြုံရေးနှင့်မြန်မာအတွင်းရှိ တရုတ်၏စီးပွားရေး လမ်းကြောင်းများအတွက် အဓိကအထောက်အကူအဖြစ် သဘောထားသည်။

တရုတ်၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုသည် အာဆီယံနိုင်ငံအသီးသီးအပေါ်တွင်လည်းရိုက်ခတ်လျက်ရှိပြီးဒေသတွင်းမတည်ငြိမ်မှုများကို ဖြစ်စေနိုင်သောမည်သည့်အပြောင်းအလဲကိုမဆို ၎င်းတို့က ရှောင်ရှားလိုသည်။

ထိုနည်းတူစွာ အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ မြောက်ပိုင်းပြည်နယ်များ တည်ငြိမ်ရေးနှင့် အရှေ့အာရှနှင့် ဆက်သွယ်ရေးစီမံကိန်းများအတွက် မြန်မာ့စစ်တပ်နှင့် လက်တွဲလုပ်ဆောင်ရန် အခြေအနေပေးသည့်အတိုင်း ပြုလုပ်လေ့ရှိသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်းဖြစ်သည့်အားလျော်စွာ မြန်မာ့အကျပ်အတည်းတွင် ကြားနေရန် ကြိုးစားရင်းတဖက်တလမ်းမှ စစ်အစိုးရနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

ဤပထဝီနိုင်ငံရေး အခြေအနေများသည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက်ကြီးမားသော အတားအဆီးတခုသဖွယ်ဖြစ်နေသည်။

ကမ္ဘာ့အဆင့်တွင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြသည့်ရုရှားနှင့်တရုတ်တို့၏အခန်းကဏ္ဍသည် မြန်မာ့ဒီမိုကရေစီ ခရီးလမ်းကို ပိတ်ဆို့ထားသည့်အဓိကအချက်ဖြစ်လာသည်။

တရုတ်နှင့်ရုရှားသည်စစ်ရေးအရရော၊နိုင်ငံရေးအရပါ မြန်မာ့စစ်တပ်၏ကျောထောက်နောက်ခံအဖြစ် မားမားမတ်မတ် ရပ်တည်နေပြီး၊ကုလသမဂ္ဂတွင်စစ်အစိုးရအပေါ် အရေးယူမှုမှန်သမျှကို ဗီတိုအာဏာဖြင့် ပိတ်ပင်ထားသည်။ ရုရှအောက်ဆွဲနိုင်ဖြစ်သည့်ဘိလာရုစ်ကဲ့သို့သောနိုင်ငံများကလည်း အလားတူလမ်းစဉ်ကို လိုက်နာလျက်ရှိသည်။

ဒီမိုကရေစီ၏ ရှေ့ဆောင်လမ်းပြအဖြစ် သမိုင်းတွင်ခဲ့သော အမေရိကန်ပြည်ထောင်စု၏ အခြေအနေကို ပြန်ကြည့်ရင်လည်း ခေါင်းဆောင်မှုပုံစံ ပြောင်းလဲမှုများကြောင့် အမေရိကန်သည် ၎င်း၏ အာရုံစိုက်မှုကို မြန်မာ့အရေးထက် ပြည်တွင်းရေးတွင် ပိုမိုအားစိုက်နေရပြီး၊ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဒီမိုကရေစီ စံနှုန်းများကျဆင်းလာမှုနှင့်အတူ မြန်မာနိုင်ငံအတွက် ထိရောက်သော အကူအညီများ ပေးအပ်ရန် ခက်ခဲနေသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အခြေအနေမှာလည်း အခြားတစ်ဖက်မှ အလှည့်အပြောင်းများ ရှိနေသည်။အာဆီယံ၏ “ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေး” မူဝါဒသည် စစ်အာဏာရှင်တို့အတွက် အကာအကွယ်တခုသဖွယ် ဖြစ်နေသည်။

အဖွဲ့ဝင်နိုင်ငံအချို့သည် ဒီမိုကရေစီစနစ်ထက် အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုပုံစံများကိုသာ ပိုမိုနှစ်သက်ကြပြီး၊ ထိုကဲ့သို့သော နိုင်ငံရေး ယဉ်ကျေးမှုများကြောင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည် ဒေသတွင်းထောက်ခံမှု ရရှိရန် ခက်ခဲနေသည်။

အာဆီယံအနေဖြင့်မြန်မာ့အရေးကိုကိုင်တွယ်ဖြေရှင်းရာတွင် တသားတည်းကျသော သဘောထားမျိုး မရှိခြင်းက စစ်တပ်အတွက် အသက်ရှူပေါက်ပေးထားသလိုဖြစ်စေသည်။

ဤသို့သော ရှုပ်ထွေးလှသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းကြားတွင် မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းသည်အလွန်ခက်ခဲကြမ်းတမ်းနေမည်မှာ အသေအချာပင်ဖြစ်သည်။

သို့သော်လည်း အခက်အခဲသည် မဖြစ်နိုင်ခြင်းဟု မဆိုလိုပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက်အဓိကသော့ချက်မှာ ပြည်တွင်းညီညွတ်မှုသာဖြစ်သည်။

ပြည်သူများ၏ အဆုံးမရှိသော ဇွဲ၊ စနစ်ကျသောဦးဆောင်မှု နှင့်အစုအဖွဲ့များကြား ပဋိပက္ခကင်းသည့် ပူးပေါင်းဆောင်ရွက်မှုများသည်သာလျှင် အပြင်ဘက်မှ ဖိအားများကြားတွင် တောင့်ခံနိုင်မည့် အင်အားဖြစ်လာမည်။

ဒီမိုက​ရေစီနှင့်တရားမျှတမှုအတွက် အသက်၊​သွေး​​၊​ချွေး ၊ဘဝများကို​ပေးဆပ်ပြီး အံမခန်း ခံနိုင်ရည်ဖြင့် ဇွဲသန်သန် ကြိုးစားမှုတွင် မြန်မာ​ပြည်သူများနှင့်တော်လှန်​ရေးသမားများသည် ယ​နေ့ ကမ္ဘာ၌ ရှားမှရှား သတ္တိရှင်များလည်းဖြစ်သည်။ခက်ခဲကြမ်းတမ်းလှ​​သော်လည်း မြန်မာပြည်သူများကဇွဲသန်သန်ဖြင့် ကြိုးစား​နေသည်မှာ ယ​နေ့ကမ္ဘာတွင် အ​လွန်ရှားပါး​သောဖြစ်ရပ်လည်းဖြစ်၏ ။

နိုင်ငံရေးအပြောင်းအလဲများတွင်အချိန်အခါသည် အဓိကကျသော်လည်း၊ အချိန်အခါကို စောင့်ဆိုင်းရုံဖြင့်မလုံလောက်ဘဲ စနစ်တကျ ပြင်ဆင်ထားသည့် အရည်အချင်းပြည့်ဝသောခေါင်းဆောင်မှုလိုအပ်နေသည်။

မြန်မာနိုင်ငံသည်ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရန်မှာ ကမ္ဘာကြီး၏ ပထဝီနိုင်ငံရေး အခြေအနေများကို နားလည်သဘောပေါက်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းစေရန်အတွက် လက်နက်ကိုင်တော်လှန်ရေးသာမကဘဲ၊ နိုင်ငံတကာ သံတမန်ရေးရာတွင်လည်း ထိုးဖောက်ဝင်ရောက်နိုင်သော ဗျူဟာမြောက်စဉ်းစားတွေးခေါ်မှုများလိုအပ်သည်။

မြန်မာတို့သည် ပြည်ပ၏ အကူအညီကိုသာ စောင့်မျှော်နေမည့်အစား ကိုယ်တိုင် စွမ်းအား၊ စုစည်းမှုနှင့်အမြော်အမြင်ရှိသောခေါင်းဆောင်မှုဖြင့်သာလျှင် ဤခရီးကြမ်းကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက်ဒီမိုကရေစီသည် အလွယ်တကူ ရရှိလာမည့် လက်ဆောင်မဟုတ်ဘဲ၊ ပြည်သူတို၏အသက်သွေးချွေးများ၊ ညီညွတ်မှုများနှင့် ရေရှည်ရုန်းကန်မှုများဖြင့် တည်ဆောက်ယူရမည့် ရလဒ်တခုသာ ဖြစ်သည်ကိုနားလည်သဘောပေါက်ရန်လိုအပ်ပါသည်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။