– ကျိုက်နဲရေလည်ဘုရားဖြစ်စဥ်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ထဲက နာမည်ကြီး ကျိုက်နဲရေလယ်ဘုရားပွဲကို လာရောက်တဲ့ဘုရားဖူးတွေထဲ ဒီနေ့မနက်ပိုင်းက လူ ၁၅ ဦးရေနစ်သေဆုံးခဲ့ပြီး လူ ၃၀ နီးပါးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ကျိုက်နဲရေလယ်ဘုရားဟာ ပင်လယ်ကမ်းခြေကနေ ၁ မိုင်ကျော်အကွာအဝေးမှာ တည်ရှိနေပြီး ရေတက်နေချိန် ဘုရားကိုသွားရာလမ်းမှာ လှိုင်းပုတ်တာနဲ့ကြုံပြီး ဘုရားဖူးလူအုပ်ဟာ ရေထဲမျောသွားတာလို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းကသူတစ်ဦးပြောပြပါတယ်။
မျက်မြင်တွေ့သူရသူတွေကတော့ လူ ၅၀ လောက်လှိုင်းပုတ်ရာမှာ ပါသွားတယ်လို့ပြောကြပါတယ်။
ဒီနေ့ညပိုင်းအထိ ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိထားတယ်လို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဆီကသိရပါတယ်။

Public Service Announcement
ကျန်တဲ့သူတွေကို ဆက်လက်ရှာဖွေနေဆဲလို့သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အစိုးရ ဝမ်းနည်းကြေကွဲရကြောင်းထုတ်ပြန်ထားသလို ရှာဖွေကယ်ဆယ်ရေးကို ဌာနေ လူမှုကူညီရေးအသင်းတွေနဲ့ပြည်သူတွေစနစ်တကျလုပ်ဆောင်ကြဖို့တိုက်တွန်းထားပါတယ်။
ဒီအချိန်ကာလဟာ ကျိုက်နဲရေလယ်ဘုရားပွဲတော်အချိန်ဖြစ်ပြီးအရင်နှစ်တွေကတော့ ရေလယ်က ဘုရားကိုသွားဖို့ ဂေါပက တွေက စက်လှေတွေစီစဉ်ထားတာမျိုးရှိတယ်လို့သိရပါတယ်။
ကျိုက်နဲဆံတော်ရှင်ရေလယ်ဘုရားဟာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာ တို့ရဲ့ ပင်လယ်ကမ်းခြေကနေ ၁ မိုင် ၆ ဖာလုံ အကွာအဝေးမှာ တည်ရှိနေတာပါ။
ဒီရေကျချိန်မှာ ကမ်းခြေကနေ ဘုရားဆီကို သွားလို့ရတဲ့ သဘာဝအတိုင်းကျောက်ခင်းလမ်းပေါ်လာပြီး ဒီလမ်းကို နတ်လမ်းလို့ ယုံကြည်ကြသူအများစုရှိကြပါတယ်။
ဒီနေ့ဖြစ်စဉ်မှာတော့ ပင်လယ်ဒီရေ တက်နေတာဖြစ်ပြီး အဲဒီလိုသွားရာလမ်းကိုလည်းရေဖုံးလွှမ်းနေချိန်ဖြစ်ပါတယ်။
