ရုရှားနဲ့ စစ်ပွဲ စတင်ပြီးကတည်းက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ လုပ်ကြံမှု အနည်းဆုံး ၃ ကြိမ်လောက် ကြုံတွေ့ခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ရဲ့ CIA ထောက်လှမ်းရေး ဌာနက ဆိုဗီယက်ခေတ် KGB စစ်ထောက်လှမ်းရေးနဲ့ ဆက်နွှယ်တဲ့ ကြေးစား လူသတ်သမားတွေဟာ ဇီလန်စကီးကို ရှင်းလင်းဖို့ အသည်းအသန် ကြိုးစားနေကြောင်း သတိပေးခဲ့ဖူးပါတယ်။ အခုအခါ Times of London သတင်းဌာနက ဇီလန်စကီးဟာ တစ်ပတ်အတွင်း လုပ်ကြံဖို့ အားထုတ်မှု ၃ ကြိမ် ကြုံခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဇီလန်စကီး ကိုယ်တိုင်ကလည်း သူဟာ ကျူးကျော်စစ် ဆင်နွှဲသူ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အလို အရှိဆုံး ပစ်မှတ် နံပါတ် ၁ ဖြစ်နေကြောင်း ပြောကြားထားပါတယ်။ ဇီလန်စကီးဟာ စစ်ပွဲ ပြင်းထန်လာချိန်မှာ ယူကရိန်းကို စွန့်ခွာဖို့ ငြင်းဆိုပြီး ရုရှားရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံ တွန်းလှန်ဖို့ ကွပ်ကဲနေပါတယ်။ သူဟာ စစ်ပွဲ ကာလမှာ ယူကရိန်း ပြည်သူတွေကို စိတ်ဓာတ် ရေးရာအရ အကောင်းဆုံး ဦးဆောင်မှု ပေးခဲ့သလို ရုရှားရဲ့ ကနဦး ထိုးစစ်တွေပါ နှောင့်နှေးခဲ့ပါတယ်။
လောလောဆယ် ဇီလန်စကီးကို လုပ်ကြံဖို့ ကြိုးစားနေသူတွေဟာ ရုရှားရဲ့ ချေချင်းညာ ဒေသ အကြီးအကဲ ရမ်ဇန် ကာဒီရော့ဗ် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့တွေ၊ သမ္မတ ပူတင်ရဲ့ အနီးကပ် မဟာမိတ် ယက်ဗ်ဂီနီ ပရီဂိုဇင် ပိုင်ဆိုင်တဲ့ ကြေးစား စစ်တပ် တစ်ခုက အဖွဲ့ဝင်တွေ ပါဝင်တယ်လို့ Times of Londonက ဆိုပါတယ်။
ဇီလန်စကီးက ရန်သူ့ လုပ်ကြံရေး အဖွဲ့တွေဟာ ကိယက်ဗ်မြို့ထဲကို စိမ့်ဝင် ရောက်ရှိနေပြီး သူအပါအဝင် ယူကရိန်း အစိုးရ အဖွဲ့ဝင်တွေကို သတ်ဖြတ်ဖို့ ကြိုးစားနေကြောင်း ပြောကြားထားဖူးပါတယ်။ Times of Londonရဲ့ ဖော်ပြချက်အရ ကြေးစားတွေ၊ ရုရှား အေးဂျင့်တွေ အပါအဝင် ယူကရိန်းကို လျှို့ဝှက် ရောက်ရှိနေတဲ့ လုပ်ကြံရေး အဖွဲ့ဝင် ၄၀၀ ဝန်းကျင်လောက်ထိ များပြားနိုင်ကြောင်း သိရပါတယ်။