Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အာရှနွယ်ဖွား ဗြိတိန် ဝန်ကြီးချုပ်တစ်ဦး ထုဆစ်ရမယ့် အနာဂတ်များ

အခုတော့ သန်းကြွယ်သူဌေး ဆူနက်ခ်ဟာ သန်းကြွယ်သူဌေး ဝန်ကြီးချုပ် ဆူနက်ခ် ဖြစ်လာပါပြီ။ လန်ဒန်မှာ အရမ်းခမ်းနားတဲ့ အိမ်ကြီးတစ်လုံးနဲ့ နေထိုင်တဲ့ ဆူနက်ခ်တို့ မိသားစုဟာ အခုတော့ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်ဆီ ပြောင်းရွှေ့လာကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်က ဖြစ်ပါတယ်။ အလောင်းအစား ဝါသနာ မပါတဲ့ ရီရှီဆူနက်ခ်ဟာ သူ့ဘဝမှာ အကြီးမားဆုံး လောင်းကြေးထပ်မှု တစ်ခုအတွက် အရာရာ ပုံအောဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြဿနာ ပေါင်းစုံ ရှုပ်ထွေးပြီး ဖိအားတွေအောက် ကျရောက်နေတဲ့ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဘောရစ်ဂျွန်ဆန်ကို ဆန့်ကျင်တဲ့ ပါတီတွင်း အင်အားစုမှာ ဆူနက်ခ်က ပါဝင်ခဲ့တယ်။ ဒီလိုနဲ့ ဂျွန်ဆန်က ရာထူးက နုတ်ထွက်ပေးလိုက်ရတယ်။ ဂျွန်ဆန်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ရွေးချယ်တဲ့အခါ ဆူနက်ခ်က သူ့နာမည်ကိုပါ ထည့်သွင်း အဆိုပြုခဲ့တယ်။

သူဟာ တခြား ကွန်ဆာဗေးတစ် ပါတီဝင် ပြိုင်ဘက်တွေကို ကျော်လွှား အနိုင်ယူခဲ့ပေမယ့် နောက်ဆုံးမှာတော့ လစ်ဇ်ထရက်စ်ကို အရေးနိမ့်ခဲ့တယ်။ ဒုတိယ နေရာဆိုတာက နာမည်အရ သိပ်မဆိုးလှဘူး ဆိုပေမယ့် နိုင်ငံရေးမှာတော့ နာကျင်စရာ အကောင်းဆုံး အရှုံးသမားပါပဲ။ ဘဏ္ဍာရေး ဝန်ကြီးဟောင်း၊ ဘဏ်လုပ်ငန်းရှင်ဟောင်း တစ်ဦးဖြစ်သူ ဆူနက်ခ်ရဲ့ နိုင်ငံရေး လောင်းကြေးထပ်မှုဟာ ကျရှုံးခဲ့တယ်။ ထရက်စ်က ပါတီခေါင်းဆောင်နဲ့ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ ဆူနက်ခ်ကတော့ ရွေးကောက်ခံ လွှတ်တော်အမတ်တွေရဲ့ နောက်ဖက်ခပ်ကျကျ ခုံတန်းမှာပဲ မထင်မရှား သွားထိုင်နေခဲ့ရပါတော့တယ်။

ဒါပေမဲ့ မျှော်လင့်မထားတဲ့ ဒုတိယ အခွင့်အရေးဟာ သူ့ဆီကို မြန်မြန်ဆန်ဆန်ပဲ ရောက်လာတော့ ဆူနက်ခ်ကိုယ်တိုင် အကြီးအကျယ် အံ့ဩခဲ့ပါလိမ့်မယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တာတွေ၊ မူဝါဒရေးရာ လွဲချော်မှုတွေကြောင့် ထရက်စ်ဟာ ပါတီထဲမှာ ထောက်ခံမှု မြန်မြန်ဆန်ဆန် ကျဆင်းလာပြီး နောက်ဆုံးမှာတော့ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် အဖြစ်ကရော၊ ဝန်ကြီးချုပ် ရာထူးကပါ နုတ်ထွက်သွားပါတယ်။ ဝန်ကြီးချုပ် သက်တမ်း ၄၅ ရက်သာ ကြာခဲ့တာကြောင့် ထရက်ခ်ခမျာ ဗြိတိန်နိုင်ငံ သမိုင်းကြောင်းမှာ သက်တမ်းအတိုဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်ဆိုတဲ့ မလိုလားချင်စရာ ဂုဏ်ပုဒ်တစ်ခုကိုလည်း ခါးခါးသီးသီး ပိုင်ဆိုင်ခဲ့ရပါတယ်။

ဒီလိုနဲ့ ပါတီခေါင်းဆောင်ရွေးပွဲ ပြန်လုပ်ရတယ်။ အဓိကပြိုင်ဘက် ဖြစ်လာမယ်လို့ ထင်ကြေးပေးခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ဂျွန်ဆန်က ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ကြေညာလိုက်တဲ့အခါ ဒီပွဲဟာ ဆူနက်ခ်အတွက် ဘာအခက်အခဲမှ မရှိတဲ့ ပန်းခင်းတဲ့လမ်း ဖြစ်လာပါတယ်။ သူဟာ ပါတီခေါင်းဆောင် နေရာအတွက် ထောက်ခံမှု အပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်။ အောက်တိုဘာ ၂၅ ရက်မှာတော့ ချားလ်စ်ဘုရင်ရဲ့ တရားဝင် ခန့်အပ်မှုနဲ့အတူ ဆူနက်ခ်က ဗြိတိန်နိုင်ငံရဲ့ သမိုင်းတလျှောက် ပထမဆုံးသော အာရှနွယ်ဖွား ဝန်ကြီးချုပ်၊ လူဖြူမဟုတ်တဲ့ ဝန်ကြီးချုပ် ဖြစ်လာတယ်။ သူ့အသက်က ၄၂ နှစ်ပဲ ရှိသေးတာကြောင့် နှစ်ပေါင်း ၂၀၀ ကျော် ကာလအတွင်း ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် အနေနဲ့လည်း သမိုင်းသစ် ရေးထိုးခဲ့ပြန်တယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ နိုင်ငံတကာ သတင်းဌာနတွေက ဆူနက်ခ်နဲ့ ပတ်သက်လို့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာတယ်။ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ဒေသက ဟိန္ဒူဘာသာဝင် အဆက်အနွှယ်တွေဖြစ်တဲ့ မိဘနှစ်ပါးက သူ့ကို ဗြိတိန်နိုင်ငံမှာ မွေးဖွားခဲ့တာပါ။ ဒါကြောင့် ဆူနက်ခ်ဟာ အိန္ဒိယ အနွယ်ဝင် ဆိုပေမယ့် ဘဝတလျှောက်လုံး အနောက်တိုင်း ဓလေ့ထုံးစံတွေနဲ့ပဲ ယဉ်ပါး ကြီးပြင်းခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်က ဗြိတိန် ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ အိန္ဒိယ နိုင်ငံရဲ့ ပြည်သူတွေကတော့ အိန္ဒိယအနွယ်၊ ဟိန္ဒူဘာသာဝင်တစ်ယောက် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို သဘောကျကြတာ မဆန်းပါဘူး။

သူဟာ နိုင်ငံရေး လောကထဲ မဝင်ခင်မှာ ကတည်းက ဗြိတိန်မှာ အရည်အချင်းရှိတဲ့ ဘဏ္ဍာရေး ပညာရှင် တစ်ယောက်အဖြစ် လူသိများခဲ့တယ်။ ဗြိတိန်က အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ဘွဲ့ရပြီး အမေရိကန်က စတန်းဖို့ဒ် တက္ကသိုလ်မှာ ဘွဲ့လွန်သင်တန်း ဆက်တက်ခဲ့တယ်။ အဲဒီမှာ ဇနီးဖြစ်သူ အက်ရှာတာ မာသီနဲ့ တွေ့ဆုံတယ်။ သူတို့နှစ်ယောက်က ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီး နှစ်ဦး ရရှိခဲ့ပါတယ်။

ဆူနက်ခ် ကိုယ်တိုင်က လူကုံထံတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဇနီးနဲ့ ယှဉ်လိုက်ရင်တော့ သူ့ကြွယ်ဝမှုက တော်တော်လေး ပြတ်ကျန်ခဲ့တာ တွေ့ရပါတယ်။ အက်ရှာတာက အိန္ဒိယ ဘီလီယံနာ သူဌေးကြီး နာရာယာနာ မာသီရဲ့ သမီးဖြစ်တယ်။ နာရာယာနာ ဆိုတာက အိန္ဒိယရဲ့ ဘီလ်ဂိတ်စ်လို့ တင်စားခံရတဲ့ Software လုပ်ငန်းပိုင်ရှင်ကြီး ဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူ ထူထောင်ထားတဲ့ Infosys ကုမ္ပဏီရဲ့ ဒေါ်လာ ၇၁၅ သန်းလောက် တန်ဖိုးရှိတဲ့ ရှယ်ယာ ၀.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသလို ဘီလီယံနဲ့ချီ များပြားတဲ့ ငွေကြေးတွေကို ဖခင်ဆီက အမွေဆက်ခံခွင့် ရဦးမှာ ဖြစ်ပါတယ်။ ဆူနက်ခ်နဲ့ အက်ရှာတာတို့ နှစ်ယောက်ပေါင်းရဲ့ ပိုင်ဆိုင်မှု တန်ဖိုးဟာ ဒေါ်လာ သန်းပေါင်း ၈၃၀ လောက် ရှိပါတယ်။ ဒါဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ ဒေါ်လာ သန်း ၄၂၀ ဆိုတဲ့ ပိုင်ဆိုင်မှုထက် နှစ်ဆနီးပါး ပိုများပါတယ်။

ဆူနက်ခ်ဟာ ၂၀၁၄ ခုနှစ်မှာ ပါတီနိုင်ငံရေး နယ်ပယ်ထဲမှာ စတင်ခြေကုပ်ယူ ဝင်ရောက်လာခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာပဲ သူဟာ လွှတ်တော် အမတ်တစ်ဦးအဖြစ် ရွေးကောက် တင်မြှောက် ခံလာရတယ်။ သူဟာ အချိန်တို အတွင်းမှာပဲ ပါတီတွင်းမှာလည်း လူသိများစ ပြုလာတယ်။ ဥရောပ သမဂ္ဂကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ဖို့ သင့်မသင့် မဲခွဲဆုံးဖြတ်တဲ့ Brexit ကိစ္စမှာ ဆူနက်ခ်က ခွဲထွက်ရေးကို ထောက်ခံခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ ဗြိတိန်ရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အထောက်အကူ ဖြစ်စေမယ့် ငွေချေးစာချုပ် စျေးကွက်တစ်ခု ပေါ်ထွန်းလာရေး စာတမ်းကို ရေးသားခဲ့တယ်။ သူဟာ ၂၀၁၉ ခုနှစ်၊ ကွန်ဆာဗေးတစ် ပါတီတွင်း ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှုတွေမှာ ဂျွန်ဆန်ကို အားပေး ထောက်ခံခဲ့တယ်။ အဲဒီနောက် ဂျွန်ဆန်ရဲ့ အစိုးရအဖွဲ့မှာ သူဟာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတယ်။

သူဟာ ကိုဗစ်ကပ်ရောဂါ အပြင်းအထန် ဖိစီးနေတဲ့ ကာလတွေမှာ ဗြိတိန်ရဲ့ အသုံးစရိတ် အစီအမံတွေကို ကြီးကြပ်ခဲ့ရတယ်။ ကပ်ရောဂါကြောင့် နိုင်ငံစီးပွားရေး ကျဆင်းနေတဲ့ အခြေအနေတွေကို တောင့်ခံဖို့၊ ပြည်သူတွေအတွက် ကပ်ရောဂါကာလ ထောက်ပံ့ရေး အစီအမံတွေ ဖော်ဆောင်ဖို့ အစီအမံတွေ ရေးဆွဲရာမှာ ဆူနက်ခ်ရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးခဲ့တယ်။ သူဟာ ဂျွန်ဆန်ရဲ့ နိုင်ငံရေး မဟာမိတ် တစ်ယောက်လို့ သတ်မှတ်ခံရပေမယ့် ဂျွန်ဆန်ရဲ့ ဝန်ကြီးချုပ်ဘဝ နောက်ဆုံးနေ့ရက်တွေမှာတော့ သူ့မိတ်ဆွေနဲ့ ဆန့်ကျင်ရပ်တည်ခဲ့ပြီး ကိုယ်တိုင် ဝန်ကြီးချုပ် ဖြစ်လာဖို့ လမ်းသစ်ထွင်ခဲ့ပါတယ်။

အခုတော့ သန်းကြွယ်သူဌေး ဆူနက်ခ်ဟာ သန်းကြွယ်သူဌေး ဝန်ကြီးချုပ် ဆူနက်ခ် ဖြစ်လာပါပြီ။ လန်ဒန်မှာ အရမ်းခမ်းနားတဲ့ အိမ်ကြီးတစ်လုံးနဲ့ နေထိုင်တဲ့ ဆူနက်ခ်တို့ မိသားစုဟာ အခုတော့ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်ဆီ ပြောင်းရွှေ့လာကြပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် အိမ်တော်က ခမ်းနားတယ်ဆိုပေမယ့် ဆူနက်ခ်တို့ မိသားစုအတွက် ဆိုရင်တော့ အနေအစား ဆင်းရဲသွားတယ်လို့တောင် သတ်မှတ်နိုင်ကြောင်း အတွင်းသိတွေက ပြောပါတယ်။

ဗြိတိန်ဟာ သမိုင်းကြောင်း ထည်ဝါတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ဒီနိုင်ငံမျိုးကို ဦးဆောင်ခွင့် ရခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူကြောင်း၊ ဒါပေမဲ့ လတ်တလော အခြေအနေတွေအရ ဗြိတိန်နိုင်ငံဟာ စီးပွားရေးအရ အထူးတလည် အားကောင်းတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင် ကြုံတွေ့နေတာကို အရှိအတိုင်း လက်ခံဖို့လိုကြောင်း ပါတီခေါင်းဆောင် ဖြစ်လာပြီး ဝန်ကြီးချုပ်ရာထူး ဆက်ခံဖို့ သေချာသွားချိန် ပထမဆုံး မိန့်ခွန်းမှာ ဆူနက်ခ်က ပြောခဲ့တယ်။ ဒီစိန်ခေါ်မှုတွေကို အမှန်တကယ် ကိုင်တွယ် ဖြေရှင်းဖို့ဆိုရင် ပါတီတွင်းမှာရော၊ တစ်နိုင်ငံလုံး အနေနဲ့ပါ စည်းလုံးညီညွတ်တဲ့ ရပ်တည်မှုမျိုး ရှိနေဖို့ လိုအပ်ကြောင်း သူက တိုက်တွန်းခဲ့ပါတယ်။

ထရက်စ် လက်ထက်မှာတော့ အနိမ့်ဆုံးအခွန် သတ်မှတ်ရေးကိစ္စ အပါအဝင် မူဝါဒရေးရာ ရှုပ်ထွေးမှုတွေ တော်တော်များများနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဆူနက်ခ်ဟာ အဲဒီ သပွတ်အူတွေကို အရင်ရှင်းရဦးမှာပါ။ ဒါကို သူကိုယ်တိုင်လည်း သဘောပေါက်ထားပြီးသား ဖြစ်ပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ကပ်ရောဂါ ကာလအလွန် စီးပွားရေး ဦးမော့လာဖို့ တောင်းဆိုမှုတွေ၊ ရုရှား-ယူကရိန်းပြဿနာ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်စတဲ့ မူဝါဒရေးရာ အကဲစမ်းမှုတွေ အမြောက်အမြားက သူ့ကို စောင့်ကြိုနေပါတယ်။ သေချာတာကတော့ ဗြိတိန် ဝန်ကြီးချုပ် ရာထူးဆိုတာက လွယ်ကူတဲ့၊ နေရာမြဲဖို့ အာမခံချက် သိပ်မရှိဘူး ဆိုတာကို ရှေ့က ပုဂ္ဂိုလ်တွေက လက်တွေ့ ပြသခဲ့ပြီးပါပြီ။ ပထမဆုံး အာရှနွယ်ဖွား ဗြိတိန် ဝန်ကြီးချုပ် တစ်ဦးကရော ဘယ်လောက်ထိ ခရီးပေါက်အောင် စွမ်းဆောင်ပြနိုင်မလဲ ဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။