ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အခု သီတင်းပတ် အစောပိုင်း၊ ကာလီမြို့က ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။ မေလ ၃ ရက်က အခွန်ဥပဒေကြမ်းကို လက်မခံကြောင်း ဆန္ဒပြသူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကာလီမှာ သေဆုံးမှုတွေ ရှိခဲ့တာ သေချာပေမယ့် အသေအပျောက် စာရင်းကို အတည်ပြုဖို့တော့ ခက်နေဆဲပါ။
ကိုလံဘီယာရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ကာလီမှာ ချီတက် ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက အလွန်အကျွံ အင်အားသုံး ဖြိုခွင်းခဲ့ရာက အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အခုသီတင်းပတ် အစောပိုင်းကစလို့ ကာလီအပြင် မြို့တော် ဘိုဂိုတာ၊ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ မက်ဒယ်လင်း၊ မြောက်ပိုင်းက ဘူကာရာမန်ဂါ မြို့တွေမှာပါ အခွန်ဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ အငြင်းပွားမှု၊ ဝေဖန်မှုတွေ ရှိနေပေမယ့် အစိုးရကတော့ ကိုလံဘီယာရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးကို ကုစား အဖတ်ဆယ်ဖို့အတွက် အခွန်ဥပဒေ ပြင်ဆင် ပြောင်းလဲရေး အစီအမံက မဖြစ်မနေ လိုအပ်ကြောင်း ဖြေရှင်းထားပါတယ်။ ကပ်ရောဂါ ဖိစီးမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကိုလံဘီယာ နိုင်ငံရဲ့ GDPက ၆.၈ ရာခိုင်နှုန်း ထိုးကျခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာတာဟာတက်ဒိုက ကာလီမြို့ထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အလွန်အကျွံ အင်အားသုံး ရိုက်နှက်မှုတွေ၊ ပစ်ခတ်ဖြိုခွင်းမှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာကို အထောက်အထားတွေ ရရှိထားကြောင်း၊ ဒီဖြစ်စဉ်အပေါ် အထူးတလည် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ကိုလံဘီယာမှာ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းနည်းနဲ့ တုံ့ပြန်တာမျိုး အရင်ကလည်း ရာဇဝင်တွေ ရှိခဲ့ဖူးပါတယ်။
ကိုလံဘီယာသူ ကမ္ဘာကျော် အဆိုတော် ရှာကီရာက ပြည်တွင်းက ဆန္ဒပြသူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကို ဆန့်ကျင်ကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။ ကိုလံဘီယာ သမ္မတ အိုင်ဗန် ဒူကူးက သူ့အနေနဲ့ အခွန်ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်ကို ပြန်ရုပ်သိမ်းမယ်လို့ ပြောကြားခဲ့ပေမယ့် ဆန္ဒပြပွဲတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲလို့လည်း သိရပါတယ်။

Public Service Announcement
