Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ ရှိလာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးက စစ်ဆင်ရေး အရှိန်မြှင့် တိုက်ခိုက်လာတဲ့နောက် နှစ်ဖက် သေဆုံးသူ ဦးရေ ၁၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းက ဂျေရုဆလင်မှာ ပါလက်စတိုင်း ဝတ်ပြုသူတွေနဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေကြား ပဋိပက္ခတွေ ဖြစ်ပွားရာက နှစ်ဖက် တင်းမာမှုတွေ ပြန်လည် မြင့်တက်လာပါတယ်။ အဲဒီနောက် ဂါဇာ အခြေစိုက် ပါလက်စတိုင်း ဟားမားစ် ပြောက်ကျား တပ်ဖွဲ့တွေက အစ္စရေးပိုင် မြို့တွေဆီ ရာနဲ့ချီ များပြားတဲ့ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။

အစ္စရေး စစ်တပ်ဟာ လေပိုင်နက် ကျူးကျော်လာတဲ့ ဒုံးကျည်တွေကို Iron Dome လေကြောင်း ကာကွယ်ရေး စနစ်နဲ့ ကြားဖြတ် ဟန့်တားခဲ့သလို ဂါဇာမှာ လေကြောင်းကရော၊ မြေပြင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အခုအခါမှာ တိုက်ပွဲအရှိန် ဆက်လက် မြင့်တက်နေသလို ဟားမားစ်တွေဖက်က ဒုံးကျည်တွေ အဆက်မပြတ် ပစ်လွှတ်နေမှုကလည်း ရပ်တန့် မသွားသေးပါဘူး။

မေလ ၁၃ ရက် ညပိုင်းထိ စာရင်းတွေအရ လက်ရှိ ပဋိပက္ခတွေအတွင်း ပါလက်စတိုင်း ၁၀၀ ကျော်နဲ့ အစ္စရေး ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ချင်း တိုက်ပွဲတွေ ဖြစ်နေသလို အစ္စရေး ပိုင်နက်ထဲမှာလည်း ဂျူးနဲ့ အာရပ်တွေကြား ကိုယ်ထိလက်ရောက် ရန်ပြုမှုတွေ ဖြစ်နေပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က ပြည်တွင်း အုံကြွမှုတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် တုံ့ပြန်ဖို့ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားကို အလုံးအရင်း ဖြည့်တင်းသွားမယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဂါဇာနယ်စပ်မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို လိုအပ်တဲ့ အချိန်ထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကြေညာပြီး ဟားမားစ်တွေ အနေနဲ့ အကြီးအကျယ် ပေးဆပ်ရစေမယ်လို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း ဟားမားစ်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဂါဇာကို ကျူးကျော်လာတဲ့ အစ္စရေး စစ်တပ်ကို ကောင်းကောင်း သင်ခန်းစာ ပေးပြမယ်လို့ တုံ့ပြန်ထားပါတယ်။ ဂါဇာမှာ ဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဟာ ၂၀၁၄ နောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်လာပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်း နောက်ခံတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပြဿနာတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ လတ်တလောမှာတော့ အစ္စရေး စစ်တပ်ဟာ အရန်တပ်ဖွဲ့ဝင်တွေကိုပါ တပ်လှန့်ထားပြီး ဂါဇာနယ်စပ် တဝိုက်မှာ တင့်ကားတွေ အလုံးအရင်း ဖြန့်ကျက်ထားပါတယ်။

အစ္စရေး စစ်တပ်က ဂါဇာ ကမ်းမြှောင် ဒေသ အတွင်းပိုင်းထိ စစ်ဆင်ရေးတွေ ဝင်ရောက် ဆင်နွှဲဖို့ကို ရွေးချယ်စရာ ကိစ္စတစ်ခု အနေနဲ့ ထည့်စဉ်းစားထားပေမယ့် ယတိပြတ် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ စစ်ဘက် အရာရှိကြီးတွေက ပြောပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား တိုက်ပွဲတွေ ၅ ရက်မြောက်ထိ ကြာမြင့်လာတဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နှစ်ဖက်စလုံး အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်ကြဖို့ ကြားဝင် တိုက်တွန်းထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။