ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် ရေတပ်က ပင်လယ်ထဲမှာ ပေါင် ၄ သောင်း ဗုံးတစ်လုံးကို ဖောက်ခွဲခဲ့ပါတယ်။ ရေအောက်မှာ ဗုံးကွဲတဲ့အချိန် ရေမျက်နှာပြင်ပေါ်မှာ USS Gerald Ford လေယာဉ်တင် သင်္ဘောကြီးကို ထားရှိပြီး ရေယာဉ်ရဲ့ ခံနိုင်ဝန်ကို စမ်းသပ်ခဲ့ကြောင်း ရေတပ်က ကြေညာပါတယ်။
အဲဒီ ဗုံးပေါက်ကွဲမှုကြောင့် ဖလော်ရီဒါ ပြည်နယ်၊ ဒေတိုနာ ကမ်းခြေနားမှာ ရစ်ချ်တာစကေး ၃.၉ အဆင့် မြေအောက်ငလျင် တစ်ခု လှုပ်ခတ်သွားတာကို တိုင်းတာ ရရှိခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဟာ မိုင် ၁၀၀ လောက် အကွာမှာ ရေအောက်ငလျင် ဖြစ်ပေါ်အောင် ဆင့်ကဲ သက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ရေတပ်ဟာ ဗုံးဖောက်ခွဲ စမ်းသပ်မှု ဗီဒီယိုကို Twitterပေါ်မှာ မျှဝေထားခဲ့ပါတယ်။ ရေအောက်မှာ ဗုံးစမ်းသပ်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ရေတပ်ကတော့ လုံခြုံမှု အစီအမံတွေ စိတ်ချရအောင် ကြိုတင် ပြင်ဆင်ထားခဲ့ကြောင်း ပြောကြားထားပါတယ်။
အခုစမ်းသပ်မှုဟာ အမေရိကန် ရေတပ်ရဲ့ အကြီးဆုံး စစ်ရေယာဉ် ဖြစ်လာတဲ့ လေယာဉ်တင် သင်္ဘောကြီးရဲ့ ကြံ့ခိုင်မှုကို ဆန်းစစ် မှတ်တမ်းယူတဲ့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ USS Gerald Fordကို ၂၀၁၇ မှာ ရေတပ်အတွက် စတင် အသုံးပြုပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး လေယာဉ်တင် သင်္ဘော၊ စစ်ဘက်သုံး သင်္ဘောအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။