Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-အီရန် တင်းမာမှု အရှိန်လျော့ကျသွားပြီလို့ ယုံကြည်ရ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

အစ္စရေး-အီရန် တင်းမာမှု အရှိန်လျော့ကျသွားပြီလို့ ယုံကြည်ရ
အစ္စရေး-အီရန် တင်းမာမှု အရှိန်လျော့ကျသွားပြီလို့ ယုံကြည်ရ

နိုင်ငံတကာက စိုးရိမ်တကြီး စောင့်ကြည့်နေတဲ့ အစ္စရေး-အီရန် တင်းမာမှုဟာ အခုအခါ အရှိန်လျော့ပြီး အခြေအနေ ငြိမ်သက်စ ပြုလာပြီလို့ ယုံကြည်ရပါတယ်။

ဒါဟာ ဂါဇာ ပဋိပက္ခအပြင် အရှေ့အလယ်ပိုင်းမှာ နောက်ထပ် နိုင်ငံတကာ စစ်မက်ရေးရာ ပြဿနာကြီးတစ်ခု ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြသူတွေအတွက် စိတ်လက် ပေါ့ပါးစရာ ဖြစ်ခဲ့ပါတယ်။

အခုလလယ်တုန်းက အစ္စရေး နိုင်ငံအနှံ့ကို အီရန်က ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်ခဲ့တဲ့အပေါ် အစ္စရေးက လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားတဲ့နောက် ဒေသတွင်းမှာ ကျီးလန့်စာစား အနေအထားမျိုး ရှိနေခဲ့ပါတယ်။

ဧပြီ ၁၉ ရက်မှာတော့ အီရန်အလယ်ပိုင်းက အစ္စဖာဟန်မြို့ကို ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံရပြီး အဲဒီ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ အီရန်က ကြေညာပါတယ်။ အမေရိကန် စစ်ဘက် အရာရှိ တချို့က အစ္စရေးဟာ အစ္စဖာဟန်ကို ဒရုန်းတွေအပြင် ဒုံးကျည်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ပြောပေမယ့် အီရန်ကတော့ ဒုံးကျည်တွေနဲ့ တိုက်ခိုက် ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရောက်လာတာကလည်း ဒရုန်း အသေးစားလေးတွေသာ ဖြစ်သလို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစ္စဖာဟန်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပေမယ့်လည်း အီရန်ကတော့ ဒီကိစ္စကို အကျယ်ချဲ့လိုတဲ့ သဘောမျိုး မရှိသလို အစ္စရေးကို လှောင်ပြောင်တာ၊ ခနဲ့တာမျိုးလည်း မလုပ်ဘဲ ခပ်မြန်မြန် အဆုံးသတ်သွားစေလိုဟန်မျိုးသာ ပြောကြားခဲ့ပါတယ်။ အစ္စဖာဟန်မှာ ထိခိုက်သေဆုံးမှု၊ ပျက်စီးမှုတွေလည်း မရှိခဲ့ဘူးလို့ အီရန်က ပြောပါတယ်။

အစ္စရေးက အီရန်ပိုင်နက်ထဲမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ် ဆိုတာကို အတည်မပြုသလို ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့လည်း အီရန်ဖက်က အနေအထားကိုကြည့်ပြီး အစ္စရေး ကိုယ်တိုင်လည်း နောက်ထပ် ရန်လိုမှုတွေ ဆက်မလုပ်တော့မယ့် သဘောလို့ ယုံကြည်ရကြောင်း အရှေ့အလယ်ပိုင်းအရေး စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

ဧပြီ ၁၃ ရက်နေ့မှာ အီရန်ဟာ အစ္စရေးနိုင်ငံ အနှံ့က စစ်ရေးပစ်မှတ်တွေကို ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း အစင်း ၃၀၀ လောက် အသုံးပြုပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ခါးသီးရန်ဘက် နှစ်နိုင်ငံကြားမှာ အချုပ်အခြာ ပိုင်နက်ထဲထိ အတိအလင်း ကျူးကျော်ဝင်ရောက် တိုက်ခိုက်တာ ပထမဆုံး ဖြစ်လာခဲ့ပါတယ်။ အီရန်ကတော့ လဆန်းပိုင်းတုန်းက ဆီးရီးယားမှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။

အဲဒီကစလို့ နှစ်နိုင်ငံကြား အခြေအနေတွေ တင်းမာခဲ့ပြီး နောက်ဆုံး ဖြစ်ရပ်က အစ္စဖာရန်မှာ ပေါ်ပေါက်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေပါ။ အီရန် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးက အခုကိစ္စအတွက် အီရန်ဟာ အစ္စရေးကို သီးခြား လက်တုံ့ပြန်နေတော့မှာ မဟုတ်ကြောင်း စကားနည်း ရန်စဲသဘောမျိုး မှတ်ချက် ပေးသွားခဲ့ပါတယ်။

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။