Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကဘူးလ်လေဆိပ် ဗုံးခွဲသူတွေကို လက်တုံ့ပြန် သုတ်သင်သွားမယ်လို့ ဘိုင်ဒန်ပြော

ဗုံးပေါက်ကွဲမှုတွေကြောင့် ဒဏ်ရာရသူ အရေအတွက်က ၁၄၀ ကျော်လောက်ထိ များပြားခဲ့ကြောင်းလည်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ အာဖဂန်က အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ ဘိုင်ဒန်အပေါ် ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်က ဗုံးပေါက်ကွဲမှုတွေရဲ့ လက်သည် တရားခံတွေကို ရှာဖွေ သုတ်သင်သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကတိပြု ပြောကြားသွားခဲ့ပါတယ်။

ဩဂုတ် ၂၆ ရက် မနက်ပိုင်းက ကဘူးလ်မြို့ခံတွေဟာ ထိတ်လန့်စရာ သတင်းတစ်ခုကို ကြားသိပြီး နိုးထလာကြပါတယ်။ ကဘူးလ်မြို့က ဟာမစ် ကာဇိုင်း နိုင်ငံတကာ လေဆိပ် ဧရိယာထဲမှာ ပြင်းထန်တဲ့ ဗုံးနှစ်လုံး ပေါက်ကွဲပြီး လူပေါင်း ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုတွေကြောင့် လေဆိပ်ထဲမှာ အာဖဂန်နဲ့ အမေရိကန် နိုင်ငံသားတွေကို အရေးပေါ် ကူညီ ရွှေ့ပြောင်းပေးနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးသွားသလို အာဖဂန် နိုင်ငံသား ၆၀ ကျော် အသေအပျောက် ရှိခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေ သိမ်းယူလိုက်တဲ့နောက် အာဖဂန်မှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ၊ တာလီဘန်တို့ရဲ့ ရန်ပြုမှု ခံလာရနိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးနေတာ ဖြစ်ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ ကဘူးလ် အခြေစိုက် အမေရိကန် သံရုံးက လေဆိပ်တဝိုက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် အမေရိကန် နိုင်ငံသားတွေ လေဆိပ်ကို မလာကြဖို့ သတိပေး နှိုးဆော်စာ ထုတ်ခဲ့ပါသေးတယ်။ ကဘူးလ်လေဆိပ်ထဲက ဗုံးခွဲမှုကို သူတို့ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ အာဖဂန် အခြေစိုက် အဖွဲ့ခွဲ အိုင်ဆစ်ကေက ကြေညာပါတယ်။ အာဖဂန်မှာ အိုင်အက်စ်တွေဟာ တာလီဘန်တွေနဲ့ ပြိုင်ဘက်အသွင် ရပ်တည်နေပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် ဒဏ်ရာရသူ အရေအတွက်က ၁၄၀ ကျော်လောက်ထိ များပြားခဲ့ကြောင်းလည်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ အာဖဂန်က အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ ဘိုင်ဒန်အပေါ် ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။

ကဘူးလ်က ဗုံးခွဲမှုကြောင့် အမေရိကန် စစ်သည်တွေ အသက်ပေးခဲ့ရတဲ့နောက် ဘိုင်ဒန်က လက်သည် တရားခံတွေကို ဖော်ထုတ်ပြီး ကလဲ့စား ချေသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဘိုင်ဒန်ဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ သီးခြား မိန့်ခွန်းပြောဖို့လည်း စီစဉ်ထားပါတယ်။ အမေရိကန်က ရီပတ်ဘလစ်ကန် အတိုက်အခံတွေကတော့ ဘိုင်ဒန်ရဲ့ တုံ့ပြန်နိုင်စွမ်းအပေါ် မေးခွန်းထုတ်လာကြပါတယ်။ သမ္မတက ပျော့ပျော့ညံ့ညံ့ ကိုင်တွယ်နေမယ်ဆိုရင် အကြမ်းဖက် အဖွဲ့တွေက ပိုရောင့်တက်လာမယ်လို့ ရီပတ်ဘလစ်ကန် အမတ်တချို့က ဝေဖန်လာပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်ဟာ အခုလကုန်မှာ အာဖဂန် အခြေစိုက် အမေရိကန် စစ်တပ်တွေ အားလုံး ပြန်ရုပ်သိမ်းဖို့ နောက်ဆုံးရက် သတ်မှတ်ထားတာကို ပြင်ဆင်မှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။ ဒီအတောအတွင်း အမေရိကန်နဲ့ မဟာမိတ် အနောက်နိုင်ငံတွေဟာ ကဘူးလ်ကနေ နေ့စဉ် ထောင်နဲ့ချီ များပြားတဲ့ လူတွေကို လေယာဉ်တွေနဲ့ အရေးပေါ် ဆက်လက် ရွှေ့ပြောင်းပေးနေကြဆဲ ဖြစ်ပါတယ်။