အမေရိကန် ရွေးကောက်ပွဲကြို ကာလမှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နေရာကို ကာမာလာ ဟားရစ်နဲ့ အစားထိုး ယှဉ်ပြိုင်စေခဲ့တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဆုံးဖြတ်ချက် မှားခဲ့တယ်လို့ သူယူဆကြောင်း ဟောလိဝုဒ် နာမည်ကျော်မင်းသား ဂျော့ဂျ်ကလူနီးက ပြောကြားခဲ့ပါတယ်။
ကိုယ်တိုင်က ဒီမိုကရက်တစ် ပါတီ အမာခံ ရန်ပုံငွေ ထောက်ခံသူ တစ်ဦးဖြစ်တဲ့ ကလူနီးဟာ New York Times သတင်းစာထဲက အတွေးအမြင် ဆောင်းပါးထဲမှာ ဒီမိုကရက်တစ် ပါတီအနေနဲ့ သမ္မတလောင်း နေရာအတွက် လူသစ်တစ်ဦးကို ရှာဖွေသင့်ကြောင်း ရေးသားခဲ့ဖူးပြီး အဲဒီမှတ်ချက်အတွက်လည်း သူနောင်တ မရဘူးလို့ ဆိုပါတယ်။
၂၀၂၄ ရွေးကောက်ပွဲကြို ကာလမှာ အမေရိကန် သမ္မတ ဘိုင်ဒန်ဟာ ကျန်းမာရေးအရ ရွေးကောက်ပွဲ ဆက်မဝင်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒုတိယ သမ္မတ ဟားရစ်က သူ့အစား ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာတော့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို ပြတ်ပြတ်သားသား အရေးနိမ့်သွားခဲ့ပါတယ်။

ကလူနီးကတော့ အဲဒီတုန်းက ပါတီထဲမှာ ဘိုင်ဒန် အနားယူရင် ဟားရစ်နဲ့ အစားထိုးရမယ်ဆိုတဲ့ သဘောထားက ကြိုတင် ဆုံးဖြတ်ချက်လို ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သဘောကတော့ ပါတီကိုယ်စားပြု သမ္မတလောင်း တစ်ဦးကို သေချာ စနစ်တကျ ရွေးချယ်ပြီးမှသာ ရွေးကောက်ပွဲ ဝင်ခဲ့သင့်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က CBSနဲ့ အင်တာဗျူးမှာ ကလူနီးက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
ဒီမိုကရက်တစ် ပါတီဟာ တကယ့်ကို စစ်မှန်တဲ့ အခွင့်အရေးမျိုး ရှိခဲ့ကြောင်း၊ အဲဒီတုန်းက သူရေးခဲ့တဲ့ ဆောင်းပါးရဲ့ အဓိက ဆိုလိုရင်းဟာ ပါတီတွင်းမှာ ထိရောက်တဲ့ ရွေးချယ်မှု လုပ်ငန်းစဉ် တစ်ခုကို ဖော်ဆောင်စေဖို့ ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေ ရှိသူတိုင်းကို အမြန်ဆန်းစစ်ပြီး ဘယ်သူက အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်သင့်ခဲ့ကြောင်း၊ ဟားရစ်အတွက် အခက်ခဲဆုံး ကိစ္စ တစ်ခုက သူ့ရဲ့ မှတ်တမ်းကောင်းတွေကို သူကိုယ်တိုင် ပြန်ရင်ဆိုင်ခဲ့ရတာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် သူဟာ တစ်ချိန်က အရမ်းစွမ်းဆောင်နိုင်မှု ရှိခဲ့တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်တော့ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဝန်ခံရာ ရောက်နေခဲ့ကြောင်း၊ ဟားရစ်အတွက်လည်း အရမ်းခက်ခဲတဲ့ တာဝန်တစ်ခု ပေးအပ် ခံခဲ့ရတာဖြစ်ကြောင်း ကလူနီးက ပြောပါတယ်။
ဒါကြောင့်လည်း ရိုးရိုးသားသား ပြောရရင် ဟားရစ်ကို ရွေးကောက်ပွဲဝင်ဖို့ ရွေးခဲ့တာ အမှားတစ်ခုလို့ သူယူဆကြောင်း၊ ဒါပေမဲ့ အခုတော့ ပြီးတာတွေလည်း ပြီးခဲ့ပြီ ဖြစ်ကြောင်း၊ ဒီမိုကရက်တစ် ပါတီဟာ နောက်ထပ် အောက်လွှတ်တော် အမတ်နေရာတွေ ထပ်ပြီး ဆုံးရှုံးဦးမယ်လို့ ပြောဆိုနေတာတွေလည်း ကြားမိကြောင်း၊ တကယ် ဖြစ်မလား ဆိုတာကိုတော့ သူ့အနေနဲ့ မသိနိုင်ကြောင်း၊ ဘာမှ ထုတ်မပြောတာဟာ အမှန်တရားကို ဖုံးကွယ်ထားမှုနဲ့ သဘောထားချင်း ရှုပ်ထွေးသွားနိုင်ပြီး သူကတော့ ဒါမျိုး အဖြစ်မခံချင်ကြောင်း ကလူနီးက ပြောကြားသွားပါတယ်။
မနှစ်က နိုဝင်ဘာလတုန်းက ဆောင်းပါးမှာတော့ ကလူနီးက လက်ရှိ အခြေအနေတွေအတိုင်း ဆက်သွားရင် ရွေးကောက်ပွဲမှာ နိုင်မှာမဟုတ်ဘူးလို့ ရေးသားထားခဲ့ပါတယ်။ သမ္မတ နေရာကိုသာ မကဘဲ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ထိန်းချုပ်နိုင်စွမ်းကိုပါ ဒီမိုကရက်တစ် ပါတီက လက်လွှတ်ရလိမ့်မယ်လို့လည်း သူက ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမြင်ဟာ သူ့တစ်ဦးတည်းရဲ့ အတွေးမဟုတ်ဘဲ သူနဲ့ သိုသိုသိပ်သိပ် ဆွေးနွေးခဲ့တဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်အားလုံးရဲ့ အမြင်ဖြစ်တယ်လို့ အဲဒီတုန်းက ကလူနီးရဲ့ ဆောင်းပါးထဲမှာ ပါရှိခဲ့ပါတယ်။
အခုနှစ် ဇူလိုင်လမှာတော့ ဘိုင်ဒန်ရဲ့ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်က အဲဒီတုန်းက ကလူနီး ရေးခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့ Channel 5နဲ့ အင်တာဗျူးမှာ ပယ်ပယ်နယ်နယ် ဆဲရေး ဝေဖန်ခဲ့ပါတယ်။ သူက ကလူနီးနဲ့ ကြံရာပါတွေကို F— စာလုံး အထပ်ထပ်နဲ့ ဆဲရေးခဲ့သလို သူတို့အတွက် စကားကောင်း ပြောနေစရာ မရှိဘူးလို့လည်း ဆိုပါတယ်။ ပြီးတော့ သူကလည်း နိုင်ငံအတွက် ဘဝတလျှောက်လုံး တာဝန်ထမ်းဆောင်လာတဲ့ သူ့ဖခင်လို လူမျိုးရဲ့ စကားကို နားမဝင်ဘဲ ကလူနီးရေးတဲ့ ဆောင်းပါး တစ်မျက်နှာလောက်ကို လူတွေက ဘာကြောင့် ယုံစားကြသလဲ ဆိုပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
ဘိုင်ဒန်ရဲ့သားဆီက တုံ့ပြန်မှုအကြောင်း မေးတဲ့အခါ ကလူနီးက ရယ်ရယ်မောမောနဲ့ သူလည်း အဲဒါကို တွေ့ခဲ့ကြောင်း၊ ဒါတွေကို ဖြေရှင်းနေဖို့ဆိုရင် အချိန်အများကြီး ဖြုန်းသလို ဖြစ်နေနိုင်ကြောင်း၊ ဒါပေမဲ့ အခုအချိန်မှာတော့ နောက်ကြောင်းပြန် ကြည့်နေတာတွေက ဘယ်သူ့အတွက်မှ အထောက်အကူ မဖြစ်တောကြောင်း၊ ဟန်တာ ဘိုင်ဒန်နဲ့ ဒီမိုကရက်တစ် ပါတီ အတွက်လည်း အကူအညီ ဖြစ်မှာ မဟုတ်ကြောင်း၊ ဒါကြောင့်လည်း အခုအချိန်မှာ သူလုပ်သင့်တာက ဒါတွေကို မေ့ထားပြီး ကျန်းကျန်းမာမာနဲ့ ဘဝကို ရှေ့ဆက်ဖို့ပဲဖြစ်ကြောင်း ပြောကြားသွားပါတယ်။
သူ့မှာလည်း ကိုယ်ပိုင်အမြင်တွေ ရှိပေမယ့် သူနဲ့ ဟန်တာဘိုင်ဒန် လူသိရှင်ကြား စကားများနေရုံအတွက် တစ်ခုခု အကျိုးရှိလာမယ့် ကိစ္စမျိုးတော့ မမြင်မိကြောင်းလည်း ကလူနီးက မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: Guardian


















































