ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေကို အမြစ်ဖြတ် ရှင်းလင်းမယ့် ရည်မှန်းချက်က လက်တွေ့ ဖြစ်မြောက် မလာနိုင်တော့ဘူးလို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်က ဝန်ခံလိုက်ပါတယ်။
နယူးဇီလန်ဟာ ကမ္ဘာပေါ်မှာ ကပ်ရောဂါဆိုးကို အအောင်မြင်ဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ နိုင်ငံတစ်ခုအဖြစ် ချီးကျူး ခံခဲ့ရပါတယ်။ ကမ္ဘာတလွှားမှာ ကပ်ရောဂါ အစပြုလာတဲ့ ပထမလှိုင်း ကာလတွေတုန်းက အစိုးရရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် ကူးစက်နှုန်းနဲ့ အသေအပျောက် အနည်းဆုံး ဖြစ်ခဲ့သလို ပြည်တွင်း ကူးစက်မှု လုံးဝ မရှိတော့တဲ့ အခြေအနေမျိုးကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။
အားဒန် ဦးဆောင်တဲ့ နယူးဇီလန် အစိုးရက ပြည်တွင်းမှာ ကူးစက်မှုတချို့ စတွေ့တာနဲ့ ကျန်းမာရေး အစီအမံတွေ ပြန်လည် တင်းကျပ်ပြီး နေ့အလိုက် ကူးစက်နှုန်း သုညမှတ်ထိ ပြန်ရောက်သွားအောင် လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်မြန် ကိုဗစ် ရောဂါကိုတော့ တခြား ကမ္ဘာ့နိုင်ငံ အများစုနည်းတူ နယူးဇီလန်လည်း ထိန်းချုပ်ရ ခက်လာခဲ့တာပါ။
အော့က္ကလန်မြို့မှာ Lockdown သတ်မှတ်ချက်တွေ ဖြေလျှော့ကြောင်း ကြေညာချိန်မှာ အားဒန်က ပြည်တွင်း ကူးစက်မှု သုညမှတ်ထိ ကျဆင်းအောင် ထပ်မံ လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဒီတစ်ကြိမ် ကူးစက်မှုတွေမှာ အသွားအလာ ကန့်သတ်မှုတွေကို ကာလရှည်ကြာ သတ်မှတ်ထားဖို့ မဖြစ်နိုင်တော့ကြောင်း၊ ဒါပေမဲ့ အရင်က တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့တုန်းက ကာကွယ်ဆေးလည်း မပေါ်သေးကြောင်း၊ အခုက ပြည်သူတွေကို ကာကွယ်ဆေး ထိုးပေးနေပြီ ဖြစ်တာကြောင့် Lockdownတွေ မချတော့ရင်တောင် အဆင်ပြေမယ်လို့ ယုံကြည်ကြောင်း အားဒန်က ဆိုပါတယ်။

Public Service Announcement
နယူးဇီလန်ဟာ ကပ်ရောဂါ စတင်လာချိန် ကတည်းက Zero-tolerance မူဝါဒမျိုး ကျင့်သုံးပြီး ပြည်တွင်း ကူးစက်မှုတွေကို အမြစ်ဖြတ်ဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဩဂုတ်လကစလို့ နောက်ထပ် ပြည်တွင်း ကူးစက်မှုတွေ ခေါင်းထောင်လာတဲ့အခါ အခြေအနေတွေက ခက်ခဲလာပါတယ်။ အော့က္ကလန်မှာ သီတင်း ၇ ပတ်ကြာ အသွားအလာ ကန့်သတ်ခဲ့တဲ့ အတွက်တော့ ကူးစက်နှုန်းကို ထိန်းချုပ်ဖို့ အတော်လေး အထောက်အကူ ဖြစ်စေခဲ့တယ်လို့ အားဒန်က ဆိုပါတယ်။
ဩဂုတ်လက စတင်ရေတွက်ရင် နယူးဇီလန်မှာ ကူးစက်လူနာ ၁၃၀၀ ကျော် တိုးလာပြီး အောက်တိုဘာ ၄ ရက် တစ်နေ့တည်းတင် ဆေးစစ်အဖြေ Positive ထွက်တဲ့သူ ၂၉ ဦး ထပ်တွေ့ခဲ့ပါတယ်။ နယူးဇီလန်မှာ နိုင်ငံလူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းက အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးထားပြီး ၄၀ ရာခိုင်နှုန်းကတော့ နှစ်ကြိမ်အပြည့် ထိုးနှံပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။


















































