ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲမယ့် ကိစ္စဟာ နေ့ချင်းညချင်း အစပြုလာဖွယ် ရှိနေကြောင်း အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။
နောက်ထပ် ၄၈ နာရီလောက် အတွင်းမှာတင် ယူကရိန်း နယ်စပ်ကို ရုရှားတပ်တွေ ကျော်လွန်လာတာမျိုး တွေ့ရနိုင်တယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံ ပတ်ဝန်းကျင်မှာ စစ်သည်အင်အား တစ်သိန်းလောက် ဖြန့်ကျက်ပြီး စစ်ပြင်နေတာ သီတင်းပတ် အတော်များများ ကြာမြင့်နေခဲ့ပြီးပါပြီ။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောထားပေမယ့် ဒီစကားကို ယူကရိန်းကရော၊ အနောက်အုပ်စု နိုင်ငံတွေကပါ အယုံအကြည် မရှိကြပါဘူး။ အခုဆိုရင် အမေရိကန်နဲ့ နိုင်ငံတချို့က ယူကရိန်းရောက် သူတို့ နိုင်ငံသားတွေကို အမြန်ဆုံး ထွက်ခွာကြဖို့ သံရုံးတွေကနေတဆင့် တိုက်တွန်းထားကြပါတယ်။
ဗြိတိန်၊ ကနေဒါ၊ နယ်သာလန်၊ လတ်ဗီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က သူတို့ နိုင်ငံသားတွေ ယူကရိန်းကနေ ချက်ချင်း ထွက်ခွာကြဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ အခြေအနေတွေ အထိတ်တလန့် မဖြစ်ဖြစ်အောင် ပုံကြီးချဲ့နေတာသာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement
အမေရိကန် သမ္မတရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဂျိတ်ခ် ဆူလီဗန်က ရုရှား တပ်တွေဟာ အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲမယ့် ပုံစံမျိုး ဖြန့်ကျက် နေရာယူထားကြကြောင်း ပြောပါတယ်။ အနာဂတ်ကိုတော့ ဘယ်သူမှ ကြိုတင် ဟောကိန်း မထုတ်နိုင်ကြောင်း၊ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်တာအခါ ရုရှားက ကျူးကျော်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေဟာ အရမ်း နီးကပ်လာနေကြောင်း ဆူလီဗန်က မှတ်ချက် ပေးသွားပါတယ်။
ပြီးတော့ ရုရှား သမ္မတ ပူတင် အနေနဲ့ ယူကရိန်းကို ကျူးကျော် စစ်ပြုဖို့ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် ချပြီးပြီလား ဆိုတာကိုတော့ အမေရိကန် အစိုးရ အနေနဲ့ အတိအကျ မခန့်မှန်းနိုင်သေးဘူးလို့လည်း ဆူလီဗန်က ဝန်ခံပါတယ်။
ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ယူကရိန်း နိုင်ငံနားမှာ ရုရှားတပ်တွေ အလုံးအရင်း စုဝေးနေခြင်းက တင်းမာမှုတွေကို ပိုမို အရှိန်တက်လာစေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ရုရှားဟာ လက်ရှိ ကျင်းပနေတဲ့ ဘေဂျင်း ဆောင်းရာသီ အိုလံပစ် မပြီးဆုံးခင်မှာတောင် ယူကရိန်းကို ဝင်တိုက်ခိုက်လာနိုင်ကြောင်း ဘလင်ကန်က ခန့်မှန်းထားပါတယ်။ ဘေဂျင်း အိုလံပစ်ဟာ ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပ ပြီးစီးမှာ ဖြစ်ပါတယ်။


















































