ယူကရိန်းကို ရုရှား ပိုင်နက်ထဲ သွတ်သွင်းမှာ မဟုတ်ဘူးလို့ ပူတင်ပြော

ယူကရိန်း နိုင်ငံမှာ အထူးစစ်ဆင်ရေး ဆင်နွှဲသွားမယ်လို့ ကြေညာပြီး စစ်ပွဲကို စတင်လိုက်ပေမယ့် ယူကရိန်းကို သိမ်းပိုက်ဖို့တော့ အစီအစဉ် မရှိဘူးလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။ ယူကရိန်း ပြည်သူတွေ အနေနဲ့ နိုင်ငံကို ဘယ်အစိုးရက စီမံ အုပ်ချုပ်မလဲ ဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရစေမယ်လို့ ပူတင်က ဆိုပါတယ်။
ဒါပေမဲ့ စစ်မကြေညာခင် သီတင်းပတ် တချို့မှာ ကတည်းက ဗြိတိန် အစိုးရဟာ ပူတင်က ယူကရိန်းမှာ ရုပ်သေး အစိုးရတစ်ရပ် ခန့်ထားဖို့ ကြံစည်နေကြောင်း စွပ်စွဲထားဖူးပါတယ်။ ရုရှား တပ်တွေဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပြီး ၈ နှစ်လောက် အကြာမှာ နောက်တစ်ကြိမ် ကျူးကျော်စစ် ပြုလာပြန်တာ ဖြစ်ပါတယ်။ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အခုအခါ ရုရှားက အင်အား အလုံးအရင်းသုံးပြီး ယူကရိန်းကို စတင် တိုက်ခိုက်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
=============================

Public Service Announcement
ယူကရိန်းက မြို့ကြီးတွေမှာ ပေါက်ကွဲသံတွေ ကြားနေရ

ရုရှားက စစ်ကြေညာပြီး နာရီပိုင်း အတွင်းမှာတင် ယူကရိန်း နိုင်ငံရဲ့ မြို့တော် ကိယက်ဗ်မှာ ပေါက်ကွဲသံတွေ ကြားနေရကြောင်း သိရပါတယ်။
ကိယက်ဗ် မြို့ခံတွေဟာ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းကို အထိတ်တလန့် အခြေအနေတွေ ကြုံပြီး နိုးထလာခဲ့ကြပါတယ်။ ကိယက်ဗ်အပြင် နိုင်ငံရဲ့ မြို့ကြီး တချို့မှာပါ ပေါက်ကွဲမှုတွေ ဖြစ်နေကြောင်း သတင်းတွေ ကြားသိရပါတယ်။ အသေးစိတ် အချက်အလက်တွေ ရရှိဖို့ကတော့ အခြေအနေတွေ ရှုပ်ထွေးနေဆဲပါ။
ယူကရိန်း အစိုးရ အရာရှိ တစ်ဦးက စစ်တပ်ရဲ့ လေယာဉ်ကွင်းတွေနဲ့ စစ်တန်းလျားတွေကို ပစ်မှတ်ထား တိုက်ခိုက် ခံနေရကြောင်း ပြောပါတယ်။ ယူကရိန်း အရှေ့ပိုင်းက ကရာမာတော့စ်ခ် မြို့မှာလည်း ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ စတင် တိုက်ခိုက်နေပြီလို့ သတင်းတွေ ရောက်လာပါတယ်။
ကိယက်ဗ်မှာတော့ မြို့ခံ မိသားစုတွေဟာ လေကြောင်း တိုက်ခိုက်မှုတွေကနေ ရှောင်ကွင်းဖို့ မြေအောက် ရထား ဘူတာတွေကို ဆင်းပြေးနေကြပါတယ်။ ဒါ့အပြင် မြို့ကို စွန့်ခွာဖို့ ပြင်ဆင်နေတဲ့ ယာဉ်တန်းတွေကိုလည်း တွေ့နေရပါတယ်။
ယူကရိန်း အစိုးရဟာ ကျူးကျော်စစ် မတိုင်ခင် တစ်ရက်အလိုမှာ ကတည်းက တစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး အခုအခါ စစ်အုပ်ချုပ်ရေးပါ ကြေညာလိုက်ကြောင်း သိရပါတယ်။
=============================
တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းကို ရုရှား ငြင်းဆို

ရုရှား တိုက်လေယာဉ် ၅ စီးနဲ့ ရဟတ်ယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်ကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ငြင်းဆန်ခဲ့ပါတယ်။
ယူကရိန်း ပြည်သူတွေ အနေနဲ့ စိတ်အေးအေးထားပြီး ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်ပေးကြဖို့ အစောပိုင်းမှာ ယူကရိန်း စစ်ဘက်က ကြေညာပါတယ်။ အခုအခါ ကျူးကျော်လာတဲ့ ရုရှားလေတပ် တိုက်လေယာဉ် ၅ စီးနဲ့ ရဟတ်ယာဉ် ၁ စီးကိုလည်း ဟန့်တား ပစ်ချပြီးပြီလို့ ယူကရိန်း စစ်တပ်က ဆိုပါတယ်။
ဒါပေမဲ့ ချက်ချင်းလိုလိုပဲ ဒီသတင်းကို ရုရှားက ငြင်းဆိုသွားပြီး လက်တွေ့ အခြေအနေမှာ ရုရှား စစ်တပ်ဟာ ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ရုရှားက ဖိနှိပ် ချိုးဖျက်ထားနိုင်ပြီလို့ တုံ့ပြန် ကြေညာသွားပါတယ်။ ပြီးတော့ ယူကရိန်း နယ်ခြားစောင့် တပ်တွေကလည်း ရုရှား စစ်တပ် ဝင်ရောက်မှုကို ထိထိရောက်ရောက် တားဆီးမှု မရှိဘူးလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
နှစ်ဖက်စလုံးရဲ့ ကြေညာချက်တွေကို သီးခြား အတည်ပြုဖို့တော့ ခက်ခဲနေဆဲပါ။ စစ်ပွဲ စတင်ချိန် ကတည်းက နှစ်ဖက် အသေအပျောက်ကို မသိရသေးပေမယ့် ယူကရိန်း ရဲတပ်ဖွဲ့က အိုဒက်ဆာမြို့နားက ပိုဒစ်ခ်ဒေသမှာ ရုရှားရဲ့ ဗုံးကြဲမှုကြောင့် ၆ ဦးသေ၊ ၆ ဦး ဒဏ်ရာရပြီး ၁၉ ဦး ပျောက်ဆုံးနေကြောင်း ကြေညာပါတယ်။ မာရူပိုလ် မြို့မှာလည်း ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိထားပါတယ်။
===========================
ယူကရိန်းကို ပတ်ပတ်လည် ဝိုင်းပြီး ရုရှားတပ်တွေ တပြိုင်တည်း ထိုးစစ်စတင်နေ

ယူကရိန်း နိုင်ငံရဲ့ အရပ်မျက်နှာ ပေါင်းစုံကနေ ရုရှားတပ်တွေ တပြိုင်တည်း ဝင်ရောက်လာနေကြောင်း ယူကရိန်းစစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်း အရှေ့ပိုင်းက ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ ဒေသတွေကနေ ရုရှား တင့်ကားတွေ စတင် ဝင်ရောက်လာသလို နိုင်ငံတောင်ပိုင်း၊ ခရိုင်းမီးယား ကျွန်းဆွယ်က တပ်တွေလည်း ချီတက်လာနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူကရိန်းမြောက်ပိုင်း၊ ဘီလားရုစ် နိုင်ငံထဲမှာ ဖြန့်ကျက်ထားတဲ့ ရုရှားတပ်တွေလည်း စတင် ရွေ့လျားလာနေပါပြီ။
ယူကရိန်း နယ်စပ်တလျှောက်မှာ ရုရှားဖက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ပြီးမှ ခြေလျင်တပ်တွေ၊ တင့်ကားတပ်တွေ စတင် ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ လွန်ခဲ့တဲ့ ၁၀ ရက်လောက် ကတည်းက အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေ ခန့်မှန်းထားတဲ့အတိုင်း ကြုံလာနေတာပါ။
ယူကရိန်းရဲ့ အားအကောင်းဆုံး တိုက်ခိုက်ရေး တပ်တွေဟာ နိုင်ငံ အရှေ့ပိုင်းမှာ အဓိက ခြေကုပ်ယူထားကြပါတယ်။ ရုရှားဟာ ယူကရိန်း မြောက်ပိုင်းကနေ ဝင်ရောက်ပြီး အဲဒီ တပ်တွေကို နောက်ကနေ ပတ်ဝိုင်းဖို့ ကြိုးစားလာနိုင်ကြောင်း စစ်ရေး သုံးသပ်သူတွေက ပြောပါတယ်။ ရုရှားရဲ့ စစ်ဆင်ရေး လမ်းကြောင်းတွေကို အတိအကျ မသိရသေးပေမယ့် လက်ရှိ အခြေအနေတွေအရ ယူကရိန်းကို ပတ်ပတ်လည် ဝိုင်းပြီး ထိုးစစ်ဆင်နေတယ်လို့ ယုံကြည်ရပါတယ်။
===========================
ရုရှားကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ အရေးယူမယ်လို့ အမေရိကန် သမ္မတပြော

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့အတွက် ရုရှားကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့လည်း ဆက်သွယ် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ရုရှားဟာ နိုင်ငံတကာရဲ့ အပြင်းအထန် ရှုတ်ချမှုမျိုး ကြုံရမှာဖြစ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ ရုရှားရဲ့ စစ်ကြေညာမှုဟာ တရားမျှတမှု လုံးဝ မရှိဘူးလို့လည်း အမေရိကန် သမ္မတရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇီလန်စကီးကလည်း ရုရှားနိုင်ငံအပေါ် အပြင်းထန်ဆုံး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်က ရုရှား အစိုးရဟာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရစေမယ်လို့ သတိပေးခဲ့ပါတယ်။
ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ တိုက်ရိုက် လိပ်မူပြီး ထိုးစစ်ဆင်မှုတွေကို ချက်ချင်း ရပ်တန့်ပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
===========================
ယူကရိန်း နိုင်ငံအနှံ့က မြို့ကြီးတွေမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့နေ

ကိယက်ဗ်နဲ့ ခါကစ်ဗ်တို့လို မြို့ကြီးတွေ အပါအဝင် ယူကရိန်းနိုင်ငံ အနှံ့မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းမှာ အထူးစစ်ဆင်ရေး ဆင်နွှဲသွားမယ်လို့ ရုပ်မြင်သံကြားကနေတဆင့် စစ်ကြေညာပြီးတဲ့နောက် မိနစ်ပိုင်း အတွင်းမှာတင် ယူကရိန်း ပိုင်နက်ထဲ ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲလာခဲ့ပါတယ်။
လက်ရှိ အချိန်ထိ မြို့တော် ကိယက်ဗ်မှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းနေသလို ပေါက်ကွဲသံတွေလည်း နေရာအနှံ့ ကြားနေရပါတယ်။ ခါကစ်ဗ်၊ ခရာမာတော့စ်ခ်၊ အီဗာနိုဖရန်ကစ်ဗ်၊ ဒီနီပရို၊ မာရူပိုလ်၊ အိုဒက်ဆာ အစရှိတဲ့ မြို့ကြီးတွေမှာလည်း စစ်ဘက်နဲ့ အရပ်ဖက် ပစ်မှတ်တွေကို ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက် ခံရကြောင်း သတင်းတွေ အတည်ပြု ကြားသိနေရပါတယ်။
ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှားစစ်တပ်တွေဟာ နိုင်ငံရဲ့ အရပ်မျက်နှာ ပေါင်းစုံကနေ အလုံးအရင်း ထိုးစစ်ဆင်နေကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အခုအခါ ယူကရိန်း နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားရဲ့ မြေပြင် တပ်ဖွဲ့တွေလည်း စတင် ဝင်ရောက်နေပြီလို့ သတင်းတွေ ရရှိထားပါတယ်။
==========================
ရုရှားက ကျူးကျော်တာ မဟုတ်ဘဲ ခုခံစစ် ဆင်နွှဲနေတာလို့ အစိုးရ မီဒီယာတွေ ဝါဒဖြန့်

ရုရှားဟာ ကျူးကျော်စစ် ဆင်နွှဲနေတာ မဟုတ်ဘဲ ခုခံစစ်ပွဲ အနေနဲ့သာ တိုက်ခိုက်နေတာလို့ ရုရှား မီဒီယာတွေက ဖော်ပြနေကြပါတယ်။
အထူးသဖြင့် အစိုးရ သတင်းဌာနတွေက ရုရှားဟာ ယူကရိန်းရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ဒီစစ်ပွဲကို မလွှဲမရှောင်သာ စတင် တိုက်ခိုက်ရတာပါလို့ ပုံဖော်နေကြပါတယ်။ ပြီးတော့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာဘော်ကို ကိုးကားပြီး ရုရှားစစ်တပ်ဟာ အရပ်သား ထိခိုက်မှု အနည်းဆုံးဖြစ်အောင် တိကျမှု အားအကောင်းဆုံး ခေတ်မီ စစ်လက်နက်တွေကို သုံးစွဲနေတယ်လို့လည်း ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ ယူကရိန်းက မြို့ကြီးတွေမှာ ကြုံနေရတဲ့ အခြေအနေ အရတော့ ရုရှားရဲ့ စစ်ရေး လှုပ်ရှားမှုတွေဟာ အရပ်သား ပြည်သူတွေအတွက် အကြီးအကျယ် ခြိမ်းခြောက်မှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။
ရုရှား အစိုးရပိုင် Rossiya 1 TVက လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ကိယက်ဗ်မှာရှိတဲ့ ယူကရိန်း အစိုးရရဲ့ အနိုင်ကျင့် ဖိနှိပ်မှုတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို ခါးစည်း ခံခဲ့ရတဲ့ ရုရှားအနွယ် ပြည်သူတွေကို ကာကွယ်ဖို့ ဒီစစ်ပွဲကို စတင် တိုက်ခိုက်ခဲ့တာလို့ ဝါဒဖြန့်ခဲ့ပါတယ်။
လောလောဆယ်တော့ ယူကရိန်းက စစ်ရေးပစ်မှတ်တွေနဲ့ ထောက်လှမ်းရေး ဗဟိုဌာနချုပ်လို မဟာဗျူဟာ အချက်အခြာ နေရာတွေမှာ ဒုံးကျည် ထိမှန်ပြီး မီးလောင် ပျက်စီးမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
==========================
ရုရှားရန်ကို စိုးရိမ်လို့ လစ်သူယေးနီးယား အစိုးရ အရေးပေါ် အခြေအနေ ကြေညာ

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီး မကြာခင်မှာပဲ လစ်သူယေးနီးယား အစိုးရက တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ပြဋ္ဌာန်း ကြေညာလိုက်ပါတယ်။
NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယားဟာ ဒေသတွင်းက ရုရှားနဲ့ ဘီလားရုစ်တို့မှာ ရုရှားစစ်သည် အလုံးအရင်း စုဝေးနေတဲ့ အခြေအနေကို စိုးရိမ်နေပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း ပိုင်နက်နားမှာ လနဲ့ချီ ကြာမြင့်အောင် စစ်တပ်တွေ စုရုံးနေစေတဲ့နောက် ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော်စစ်ပွဲ စတင်ဖို့ အမိန့်ပေးလိုက်ပါတယ်။
ရုရှား-ယူကရိန်း စစ်စဖြစ်တဲ့နောက် လစ်သူယေးနီးယား သမ္မတ ဂီတာနက်စ် နော်ဆေဒါက နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာစေပြီး နယ်စပ် လုံခြုံရေးအတွက် တပ်တွေ အားဖြည့် စေလွှတ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
တခြား NATO အဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်တဲ့ အက်စ်တိုးနီးယားရဲ့ ဝန်ကြီးချုပ် ကာဂျာ ကာလက်စ်ကတော့ ပြည်သူတွေကို အလွန်အမင်း စိတ်ပူပန်မနေကြဖို့ နှစ်သိမ့် အားပေးခဲ့ပါတယ်။ ရုရှားရဲ့ ရန်လိုမှုတွေ ဒီထက် ဆိုးမလာအောင် ဥရောပ သမဂ္ဂရော၊ NATO အဖွဲ့ပါ အစွမ်းကုန် ကြိုးစားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် အက်စ်တိုးနီးယားဟာ ယူကရိန်းကို လက်နက်တွေ တင်ပို့တာ အပါအဝင် ဖြစ်နိုင်သမျှ အကူအညီအားလုံး ပေးဖို့ လိုတယ်လို့လည်း အမျိုးသမီး ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
==========================
ယူကရိန်း မြို့တော်နားက လေဆိပ်တစ်ခု ရုရှားတပ်တွေ သိမ်းပိုက်လိုက်ကြောင်း သတင်းထွက်နေ

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်နားက အရေးပါတဲ့ လေဆိပ်တစ်ခုကို ရုရှား တပ်တွေက သိမ်းပိုက်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အန်တိုနော့ဗ် လေဆိပ်ဟာ ရုရှား လက်ထဲ ကျရောက်သွားပြီဆိုတဲ့ သတင်းတွေ မှန်မမှန် ဆိုတာကိုတော့ နိုင်ငံတကာ မီဒီယာတွေက အတည်ပြုနိုင်ဖို့ ကြိုးစားနေကြဆဲပါ။ အဲဒီ လေဆိပ်ဟာ ကုန်တင် လေယာဉ်တွေ အဓိက အတက်အဆင်း ပြုလုပ်လေ့ရှိတဲ့ နေရာပါ။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ ယူကရိန်း ပိုင်နက်ထဲကို ရုရှားရဲ့ လေထီးတပ်သားတွေ တဖွဲဖွဲ ဆင်းသက်လာနေတာကို တွေ့နေရပါတယ်။
ဒါ့အပြင် ကိယက်ဗ် မြို့နားမှာ ယူကရိန်း လေတပ်ရဲ့ လေယာဉ်တစ်စီး ပစ်ချခံရလို့ လူ ၅ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။ အဲဒီ သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှာ လူ ၁၇ ဦး စီးနင်း လိုက်ပါလာပြီး ဒဏ်ရရသူတွေကို ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ကြောင်း ယူကရိန်း စစ်ဘက်က ပြောပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက အနည်းဆုံး ရုရှား စစ်လေယာဉ် ၇ စီးလောက်ကို ပစ်ချခဲ့ပြီးပြီလို့ ပြောပေမယ့် အချက်အလက် မှန်မမှန် စိစစ်ဖို့ ခက်ခဲနေဆဲပါ။ ဒါပေမဲ့ အနည်းဆုံး ရုရှား တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီး ပျက်ကျထားတဲ့ ဓာတ်ပုံတွေကိုတော့ BBC သတင်းဌာနက အတည်ပြုထားပါတယ်။
ယူကရိန်းက မြို့ကြီးတချို့မှာတော့ ဒုံးကျည်မိုး၊ ဗုံးမိုးတွေ ရွာသလို ကျဆင်းနေပြီး ကိယက်ဗ်မှာလည်း မြို့ခံတွေက အရေးပေါ် တိမ်းရှောင်နေကြပါတယ်။ ယူကရိန်း အရှေ့ပိုင်းမှာလည်း ရုရှားတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ယူကရိန်း စစ်ဘက်က ထုတ်ပြန်ထားပါတယ်။


















































