Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပုန်ကန်မှုက ပူတင်ရဲ့ အုပ်ချုပ်မှု ယန္တရား ကွဲအက်နေတာကို မြင်သာစေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

Wagnerရဲ့ အကြီးအကဲဖြစ်သူ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်ဟာ ပူတင်ကို လက်နက်ကိုင်ပြီး တိုက်ရိုက် စိန်ခေါ်လိုက်တာ ဖြစ်သလို ပူတင်ကလည်း ပြေငြိမ်းမှုရဖို့ အလျှော့ပေး လိုက်လျောခဲ့ရတယ်လို့ ဘလင်ကန်က ဆိုပါတယ်။

ပုန်ကန်မှုက ပူတင်ရဲ့ အုပ်ချုပ်မှု ယန္တရား ကွဲအက်နေတာကို မြင်သာစေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော
ပုန်ကန်မှုက ပူတင်ရဲ့ အုပ်ချုပ်မှု ယန္တရား ကွဲအက်နေတာကို မြင်သာစေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

ရုရှားမှာ ကြုံတွေ့ခဲ့တဲ့ သူပုန်ထမှုဟာ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အုပ်ချုပ်ရေး ယန္တရားမှာ အက်ကြောင်းတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတာကို မြင်သာလာစေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

အန်တိုနီ ဘလင်ကန်က ရုရှားကြေးစားတပ် Wagnerရဲ့ ပုန်ကန်မှုဟာ တစ်ရက်အတွင်းမှာပဲ ညှိနှိုင်းပြေလည်မှု ရသွားတဲ့တိုင် အစိုးရရဲ့ အုပ်ချုပ်ရေး စွမ်းရည်အပေါ် အကြီးအကျယ် ဂယက် ရိုက်ခတ်စေခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။ Wagnerရဲ့ အကြီးအကဲဖြစ်သူ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်ဟာ ပူတင်ကို လက်နက်ကိုင်ပြီး တိုက်ရိုက် စိန်ခေါ်လိုက်တာ ဖြစ်သလို ပူတင်ကလည်း ပြေငြိမ်းမှုရဖို့ အလျှော့ပေး လိုက်လျောခဲ့ရတယ်လို့ ဘလင်ကန်က ဆိုပါတယ်။

မူလက ပရစ်ဂေါ့ဇင်နဲ့ Wagner တပ်ဖွဲ့တွေဟာ ရုရှားတောင်ပိုင်းမှာရှိတဲ့ ရော့စ်တော့ဗ်မြို့ကို ထိန်းချုပ်ထားလိုက်တဲ့အပြင် မော်စကို မြို့တော်ထိ ချီတက်မယ်လို့ပါ ကြုံးဝါးထားခဲ့ပါတယ်။ Wagnerတွေက ရုရှားစစ်တပ်ဟာ သူတို့ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြီး အဲဒီလုပ်ရပ်အတွက် တရားမျှတမှုကို ရှာဖွေသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ရုရှား အစိုးရဟာ Wagnerတွေနဲ့ ပြေငြိမ်းမှုကို ခပ်မြန်မြန် ရရှိဖို့ ဘယ်လောက်ထိ လိုက်လျောခဲ့ရသလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

သဘောတူညီမှုအရ အစောဆုံး အဆင့်မှာ Wagnerတွေဟာ ယူကရိန်း စစ်မြေပြင်က စခန်းတွေဆီ ပြန်လည် သွားရောက်ပေးမှာဖြစ်ပြီး ပရစ်ဂေါ့ဇင်ကတော့ စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်ကူညီပေးခဲ့တဲ့ ဘီလားရုစ် နိုင်ငံဆီ သွားရောက်နေထိုင်မှာပါ။ အရင်တုန်းက ပူတင်ရဲ့ အမာခံ မဟာမိတ် တစ်ဦးဖြစ်ခဲ့ဖူးတဲ့ ပရစ်ဂေါ့ဇင်က ရုရှားအာဏာပိုင်တွေဆီက ဘာတွေ တောင်းဆိုထားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

အံ့ဩစရာ အခြေအနေ တစ်ခုကတော့ တစ်နိုင်ငံလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေလောက်တဲ့ ပုန်ကန်မှုကြီး ပေါ်ပေါက်ခဲ့တဲ့နောက် ဇွန်လ ၂၅ ရက် ညပိုင်းထိ ရုရှား သမ္မတ ပူတင်ဟာ လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်မလာသေးတာပါ။ CBSနဲ့ အင်တာဗျူးမှာတော့ ဘလင်ကန်က Wagnerရဲ့ ပုန်ကန်မှုဟာ ပူတင်အတွက် မေးခွန်းတွေ တသီကြီး ချန်ထားခဲ့ပြီး သူ့ရဲ့ အုပ်ချုပ်ရေး စွမ်းရည်မှာ အက်ကြောင်းကြီးတွေ ပေါ်လာတာကို မြင်သာသွားစေကြောင်း ပြောကြားသွားပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရုရှား-ယူကရိန်း စစ်ပွဲအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲ ဆိုတာကိုတော့ လောလောဆယ် ထင်ကြေးပေးဖို့ စောလွန်းသေးတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၆ လလောက်ကို ပြန်ကြည့်ရင် ပူတင်ဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ရဲ့ တံခါးဝနားထိ ရောက်ရှိနိုင်ခဲ့ပြီး ယူကရိန်း နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်က ဖျောက်ပစ်နိုင်လု နီးပါးထိ အခြေအနေတွေ ကြုံခဲ့ကြောင်း၊ အခုတော့ သူဟာ ကိုယ့်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မော်စကိုကို သူကိုယ်တိုင် ပျိုးထောင်ခဲ့တဲ့ ကြေးစားတပ်တွေ လက်ထဲ မကျရောက်အောင် အသည်းအသန် ကာကွယ်ရတဲ့ ဘဝမျိုး ရောက်သွားရှာကြောင်းလည်း ဘလင်ကန်က ပြောကြားသွားပါတယ်။

သူက Wagnerရဲ့ ပုန်ကန်မှုဟာ ရုရှားနိုင်ငံနဲ့ ပူတင်တို့ရဲ့ အနာဂတ် အလားအလာတွေကို ဘယ်လို ဘယ်ပုံ ရိုက်ခတ်သွားနိုင်မလဲ ဆိုတာကိုတော့ ကိုယ်ပိုင် အမြင်နဲ့ မှတ်ချက်မပေးလိုကြောင်း ငြင်းဆိုသွားပါတယ်။

ဒီဖြစ်စဉ် တစ်ခုလုံးမှာ အလေးထားကြည့်သင့်တဲ့ အချက်တွေအဖြစ် Wagnerတွေဟာ ရုရှားရဲ့ အဓိက မြို့ကြီး တစ်မြို့ကို အတော်လေး သက်တောင့်သက်သာ အနေအထားနဲ့ သိမ်းယူခဲ့ပြီး မော်စကိုထိ ဦးတည် ချီတက်နိုင်ခဲ့တာရယ်၊ ပရစ်ဂေါ့ဇင်ဟာ ရုရှားသမ္မတကို အတိအလင်း ပုန်ကန်တာတောင် ပြစ်ဒဏ် ကျခံစရာ မလိုဘဲ လွတ်လပ်ခွင့် ရခဲ့တယ် ဆိုတာရယ်ကိုလည်း ဘလင်ကန်က ထောက်ပြသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။