Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘန်ကောက် စျေးဝယ်စင်တာ ပစ်ခတ်မှု ကျူးလွန်သူ လူငယ်ကို စိတ်ကျန်းမာရေး စစ်ဆေးနေ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။

ဘန်ကောက် စျေးဝယ်စင်တာ ပစ်ခတ်မှု ကျူးလွန်သူ လူငယ်ကို စိတ်ကျန်းမာရေး စစ်ဆေးနေ
ဘန်ကောက် စျေးဝယ်စင်တာ ပစ်ခတ်မှု ကျူးလွန်သူ လူငယ်ကို စိတ်ကျန်းမာရေး စစ်ဆေးနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က စျေးဝယ်စင်တာကြီး တစ်ခုမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ ဆယ်ကျော်သက် လူငယ်ကို စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

အောက်တိုဘာ ၃ ရက်တုန်းက ထိုင်းနိုင်ငံရဲ့ အခမ်းနားဆုံး စျေးဝယ်စင်တာကြီး တခုဖြစ်တဲ့ ဆိုင်ယမ် ပါရာဂွန်မှာ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံခြားသား အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတွေ ရောက်လာချိန်မှာ သေနတ်သမားက မခုခံဘဲ လက်နက်ချ အဖမ်းခံခဲ့ပါတယ်။

သူ့ကို ရဲစခန်း ခေါ်သွားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်တဲ့အခါ သေနတ်သမားက လူတွေကို လိုက်လံပစ်ခတ်ဖို့ တစ်ယောက်ယောက်က လာပြောနေတဲ့ အသံမျိုးတွေ သူ့နားထဲမှာ ကြားနေရတယ်လို့ ထွက်ဆိုပါတယ်။ ထိန်းသိမ်း ခံထားရသူဟာ စိတ်ရှုပ်ထွေး ဝေဝါးနေဟန်ရှိပြီး ရာဂျာဗီသီ ဆေးရုံမှာ စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ ဆက်လက် ခံယူနေရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ရဲချုပ် တော်ဆက်ခ် ဆွတ်ခ်ဗီမိုလ်က ပြောပါတယ်။

သူက ဖမ်းဆီးခံထားရသူရဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကို ဒီထက်ပိုပြီး ထဲထဲဝင်ဝင် ထုတ်ပြောဖို့ ငြင်းဆန်ပါတယ်။ ပြီးတော့ တရားခံက အသက်မပြည့်သေးတဲ့အတွက် နာမည်ကို ထုတ်မပြောပါဘူး။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေမှာတော့ တီရှပ်အနက်၊ မျက်မှန်အဝိုင်းနဲ့ အမေရိကန် အလံပုံပါတဲ့ ဦးထုပ်ကို ဝတ်ဆင်ထားသူ ဆံပင်ရှည်ရှည် အမျိုးသား တစ်ဦးကို ရဲတွေက ချုပ်နှောင်ပြီး ခေါ်ဆောင်သွားတာကို တွေ့ခဲ့ရပါတယ်။

ပစ်ခတ်မှုကြောင့် အသေအပျောက် ၃ ဦးရှိခဲ့ကြောင်း မူလက ဖော်ပြပေမယ့် နောက်ပိုင်းမှာတော့ သေဆုံးသူ အရေအတွက်ကို ၂ ဦးလို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ ပထမ တစ်ဦးက အသက် ၃၄ နှစ်အရွယ် တရုတ် အမျိုးသမီးဖြစ်ပြီး စျေးဝယ်စင်တာ မြေညီထပ်မှာ သေဆုံးခဲ့ပါတယ်။ မြန်မာ အမျိုးသမီး တစ်ဦးကတော့ ဒဏ်ရာတွေ ပြင်းထန်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ ဆေးရုံအရောက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေထဲက ၃ ဦးဟာ ဘုရင် ချူလာလောင်ကွန် အမှတ်တရ ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရပြီး အမျိုးသမီး တစ်ဦးက ဦးခေါင်းမှာ ကျည်ထိထားလို့ အခြေအနေ အရမ်းစိုးရိမ်ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကျန်တဲ့ ထိုင်းအမျိုးသားနဲ့ တရုတ် အမျိုးသမီးတို့ကတော့ အသက်အန္တရာယ် ခြိမ်းခြောက် ခံရလောက်တဲ့ ဒဏ်ရာမျိုးတွေ မဟုတ်တာကြောင့် တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။

နောက်ထပ် အသက် ၂၈ နှစ်အရွယ် လာအို အမျိုးသမီး တစ်ဦးက ဘန်ကောက် ခရစ်ယာန် ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရပြီး ချိုင်းကြားထဲကနေ ကျည်ဖောက်ပြီး ပခုံးထဲ ဝင်နေတဲ့ ဒဏ်ရာကြောင့် အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ဘယ်ဖက် ပခုံးမှာ ကျည်ထိထားတဲ့ ထိုင်းအမျိုးသမီး တစ်ဦးကိုတော့ ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံကြီးဆီ တင်ပို့ခဲ့ပြီး အခုတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်ကနေ လွန်မြောက်လာနိုင်ခဲ့ပြီလို့ ကြေညာထားပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။

ပစ်ခတ်မှုအပြီး စျေးဝယ်စင်တာကို ယာယီ ပိတ်ထားခဲ့ရပြီး နာရီပိုင်း အကြာမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ သတင်းထောက်တွေကို တွေ့ဆုံပြီး ရှင်းလင်းပြောဆိုကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် ကိုယ်တိုင်ပါ ပါဝင်ခဲ့ပါတယ်။ ရဲချုပ် တော်ဆက်ခ်က သေနတ်သမားရဲ့ လုပ်ရပ်ဟာ ဆိုးရွားလွန်းတယ် ဆိုရင်တောင်မှ ဥပဒေအရ အသက်မပြည့်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ ရပိုင်ခွင့် အကာအကွယ်တွေကို မျက်ကွယ်ပြုလို့ မရကြောင်း ရှင်းပြထားပါတယ်။

ထိုင်းမီဒီယာ တချို့ရဲ့ ဖော်ပြချက်အရ သေနတ်သမားဟာ ပုဂ္ဂလိကကျောင်း တစ်ခုမှာ တက်ရောက်နေတဲ့ ကျောင်းသား တစ်ယောက်ဖြစ်ပြီး မိဘတွေက ပရော်ဖက်ဆာတွေလို့ သိရပါတယ်။ ရဲတွေက လူငယ်ရဲ့ နေအိမ်ကို သွားရောက် စစ်ဆေး ရှာဖွေတဲ့အခါ ၉ မမ ကျည်ဆန် ၄၉ တောင့်နဲ့ အရွယ်အစား မတူညီတဲ့ ပစ်ခတ်ပြီး ကျည်ခွံ ၁၅ ခုတို့ကို ရှာတွေ့ခဲ့ပါတယ်။ သူ့ဖုန်းထဲမှာလည်း သူသေနတ်ပစ် လေ့ကျင့်နေတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယို တစ်ခု ရိုက်ကူးထားတာ တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ လူဦးရေ အချိုးအစားနဲ့ နှိုင်းယှဉ်ရင် သေနတ်ပိုင်ဆိုင်မှုနှုန်း မြင့်မြင့်မားမား ရှိနေပြီး အရင်ကလည်း သေနတ်ကိုင် ရမ်းကားတိုက်ခိုက်မှု ဖြစ်ရပ်ဆိုးတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက စစ်တပ် အရာရှိဟောင်း တစ်ဦးဟာ နာခွန်ရတ်ချာဆီမာက စူပါမားကက် တစ်ခုထဲမှာ ဝင်ရောက် ပစ်ခတ်တာကြောင့် လူ ၂၉ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့ဖူးပါတယ်။

မနှစ်က အောက်တိုဘာလမှာလည်း ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းရဲ့ အဆိုးဆုံး သေနတ်ကိုင် မှုခင်းတစ်ခု ပေါ်ပေါက်ခဲ့ပြီး ရဲဝန်ထမ်းဟောင်း တစ်ဦးက ဓားနဲ့ သေနတ်တွေ ကိုင်ဆောင်ပြီး ထိုင်းမူကြို တစ်ခုထဲမှာ ရမ်းကား တိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၂၄ ဦးနဲ့ လူကြီး ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စျေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အဖမ်းခံရသူတွေဟာ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ ၁၄ နှစ်သား လူငယ်ကို သေနတ်နဲ့ ကျည်ဆန်တွေ ရောင်းချခဲ့ကြောင်း စွပ်စွဲ ခံထားရသူတွေ ဖြစ်ပါတယ်။...