ဩစတြေးလျမှာ အင်တာနက်ကွန်ရက် ပြတ်တောက်မှုတွေ ကြုံခဲ့တဲ့နောက် အဓိက တာဝန်ရှိတဲ့ ကုမ္ပဏီကြီးရဲ့ အမှုဆောင်ချုပ်ဟာ ရာထူးက နုတ်ထွက်သွားရပါတယ်။
ဩစတြေးလျ ဆက်သွယ်ရေး လုပ်ငန်းစုကြီး Optusရဲ့ အမှုဆောင်ချုပ် ကယ်လီ ဘေယာ ရို့စ်မာရင်ဟာ ကုမ္ပဏီရဲ့ ဖိအားမျိုးစုံ ကြုံတွေ့နေခဲ့တဲ့ ၃ နှစ်တာ ကာလကို ဖြတ်သန်းခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရာထူးက နုတ်ထွက်ခဲ့တာပါ။ ဒီလထဲမှာ ဖြစ်ခဲ့တဲ့ အင်တာနက် ပြတ်တောက်မှုကို နိုင်ငံအနှံ့က ဩစတြေးလျ လူဦးရေ စုစုပေါင်း ထက်ဝက်နီးပါး သက်ရောက် ခံစားခဲ့ရပါတယ်။
Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။
Optus အမှုဆောင်ချုပ် ဖြစ်ခွင့်ရခဲ့တာကို အရမ်းဂုဏ်ယူကြောင်း၊ ဒါပေမဲ့ လောလောဆယ်မှာတော့ ရာထူးကနေ နုတ်ထွက်ပေးလိုက်တာဟာ သူ့အတွက် ပိုပြီး ဖြစ်သင့်တဲ့ ရွေးချယ်မှုလို့ ခံစားရကြောင်း အမျိုးသမီးက ဆိုပါတယ်။
သူ့ရဲ့ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ဟာ Optusကို အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ အထောက်အပံ့တခု ဖြစ်စေမယ်လို့ မျှော်လင့်ကြောင်းလည်း ရို့စ်မာရင်က ပြောပါတယ်။
ရို့စ်မာရင်ရဲ့ အရိုက်အရာကို ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဌာန အကြီးအကဲ မိုက်ကယ် ဗန်တာက ဆက်ခံမယ်လို့ Optusက ကြေညာထားပါတယ်။ Optusရဲ့ စင်ကာပူ အခြေစိုက် မိခင် ကုမ္ပဏီကြီးက စိန်ခေါ်မှု ပြင်းထန်တဲ့ ကာလတွေမှာ မယိမ်းမယိုင် ဦးဆောင်မှု ပေးခဲ့တဲ့အတွက် ရို့စ်မာရင်ကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက် အင်တာနက် ပြတ်တောက်မှုကို ဩစတြေးလျ နိုင်ငံသား ၁၀ သန်းကျော်နဲ့ ထောင်သောင်းချီတဲ့ စီးပွားရေး လုပ်ငန်းတွေ သက်ရောက် ခံစားခဲ့ရပါတယ်။ အဲဒီနေ့က မိုဘိုင်းရော၊ ဝိုင်ဖိုင် အင်တာနက် ကွန်ရက်တွေပါ ၁၂ နာရီလောက်ကြာအောင် ပြတ်တောက်နေခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ဖုန်းလိုင်းတွေပါ ခေါ်မရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။
အကျိုးဆက်ကတော့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ နှောင့်နှေးတာ၊ အွန်လိုင်း ငွေပေးချေမှုတွေ ရပ်ဆိုင်းသွားတာတွေ ဖြစ်ခဲ့ပြီး အရေးပေါ် အကူအညီ လိုအပ်လို့ ဖုန်းခေါ်သူ ၂၀၀ လောက်လည်း ဖုန်းဆက်လို့ မရဘဲ အကျပ်ရိုက်ခဲ့ပါတယ်။
ဒီပြဿနာတွေနဲ့ ပတ်သက်လို့ ရို့စ်မာရင်ရဲ့ စီမံတုံ့ပြန်ပုံတွေအပေါ် အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ရပြီး နိုဝင်ဘာ ၁၇ ရက်တုန်းက ဩစတြေးလျ လွှတ်တော်မှာ ကြားနာမှု တစ်ခုတောင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ရို့စ်မာရင်က ထောင်သောင်းချီ များပြားတဲ့ အစ္စရေး ပြည်သူတွေဟာ ကုမ္ပဏီဆီကနေ နစ်နာကြေး တောင်းခံထားတယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။