Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယားဟာ အောက်တိုဘာလထဲမှာ ဂြိုဟ်တု လွှတ်တင်မယ်လို့ မူလက ကြွေးကြော်ထားခဲ့ပေမယ့် တစ်လ နောက်ကျခဲ့ပြီး ဒါဟာ ရုရှားဆီက နည်းပညာပိုင်း အကူအညီတွေ ရယူ ဖြည့်တင်းနေခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်
ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

ထောက်လှမ်းရေး ဂြိုဟ်တု တစ်စင်းကို အာကာသထဲ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက် ညပိုင်းက အဲဒီ ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲကို ချောချောမွေ့မွေ့ ပို့ဆောင်နိုင်ခဲ့ကြောင်း KCNA သတင်းဌာနက ဆိုပါတယ်။ အဲဒီ သတင်းသာ မှန်ကန်ရင် မြောက်ကိုရီးယားဟာ ပြည်တွင်းဖြစ် ထောက်လှမ်းရေး ဂြိုဟ်တုကို လွှတ်တင်ဖို့ အားထုတ်မှုတွေ ၃ ကြိမ်မြောက်မှာ အထမြောက်သွားတယ်လို့ ဆိုရမှာပါ။ အရင်နှစ်ကြိမ်တုန်းက လွှတ်တင်ချိန်မှာ ဂြိုဟ်တုကို တင်ဆောင်သွားတဲ့ ဒုံးပျံတွေဟာ ချွတ်ယွင်းမှုတွေကြုံပြီး ပျက်ကျခဲ့ပါတယ်။

ဂြိုဟ်တုကို သယ်ဆောင်သွားတယ်ဆိုတဲ့ ဒုံးပျံက အာကာသထဲ ပျံတက်သွားတာကို တောင်ကိုရီးယား စစ်ဘက်က ထောက်လှမ်း သိရှိခဲ့ပါတယ်။ ဒုံးပျံကို ပြုံယမ်းမြို့ မြောက်ဖက် ဒေါင်ချန်ရီ ဧရိယာကနေ လွှတ်တင်လိုက်ကြောင်း ထောက်လှမ်း ရမိခဲ့တယ်လို့ တောင်ကိုရီးယားဖက်က ဆိုပါတယ်။

အမေရိကန် အစိုးရကတော့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ချက်ချင်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အက်ဒရီယန်နီ ဝတ်ဆန်က ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ သတ်မှတ်ချက် တော်တော်များများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ၊ မတည်ငြိမ်မှုတွေကို တိုးမြင့်လာစေလိမ့်မယ်လို့ စွပ်စွဲ ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားဟာ ဒုံးကျည် နည်းပညာ စမ်းသပ်မှုတွေနဲ့ ရောထွေး လုပ်ဆောင်လာနိုင်တာကြောင့် ဂြိုဟ်တု လွှတ်တင်ခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကတော့ နိုင်ငံတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သူလျှိုဂြိုဟ်တုတွေ လွှတ်တင်ပိုင်ခွင့် အပြည့်ရှိတယ်လို့ ကြွေးကြော်ထားပါတယ်။

Public Service Announcement